သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၈ ကြိမ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အပေါ် အမြင်များ


၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့
၆၈ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့

ဒီကနေ့ဟာ (၆၈) ကြိမ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အခါသမယဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ပေမဲ့ စစ်တပ်အုပ်ချုပ်မှုအောက်မှာ နှစ်ရှည်လများနေခဲ့ရတာမို့ ပီပြင်တဲ့ လွတ်လပ်ရေးရတဲ့ နိုင်ငံတနိုင်ငံမဟုတ်ဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘာကြောင့်ဒီလိုသုံးသပ်တာပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာပါ။ အဲဒီအချိန်ကထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်းမှာ ‘တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ တန်းတူအခွင့်အရေးတူညီတဲ့ သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်’ ဆိုတဲ့အချက်ပါဝင်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း (၆၈)နှစ် အတွင်းပီပြင်တဲ့ လွတ်လပ်မှုအရသာကို မခံစားရကြဘူးလို့ လန်ဒန်အခြေစိုက် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က သုံးသပ်ပါတယ်။

“ ကျနော်တို့ လွတ်လပ်ရေးရတာအခု နှစ်ပေါင်း ၆၀ ကျော်လာပြီ။ ဒါပေမယ့် မြန်မာပြည်ကတော့ ဘာမှမထူးဘူး။ အများစုက ဆင်းရဲပြီးတော့ လူတစုဘဲ ချမ်းသာနေတယ်။ ကိုလိုနီခေတ်ကလည်း လူတစုပဲ ချမ်းသာတယ်။ လွတ်လပ်ရေးရပြီးတော့လည်း လူတစုပဲ ချမ်းသာတယ်။ မြန်မာပြည်မှာကတော့ ခေါင်းဆောင်ပိုင်းကတော့ တခုခုတော့ ဖြစ်နေပြီပေါ့လေ။ မဟုတ်တန်း တရားတွေ။ ဘာဖြစ်လို့လဲဆိုတော့ အခုထက်ထိ တိုင်းသူပြည်သားအများစုက ဆင်းရဲမွဲတေပြီး နလန် မထူနိုင်ဘူး။ နိုင်ငံခြားမှာ သွားနေပြီး အကုန်လုံး အလုပ်လုပ်နေကြရတယ်။ အဲတော့ သူတို့ကတော့ နေပြည်တော်မှာ မြို့ကြီးဆောက်ပြီးတော့ ရတဲ့ သံယံဇာတနဲ့ အင်္ဂလိပ်တွေလို ဘုရင်က နန်းတော်ဆောက်ပြီး ရန်ကုန်မြို့မှာနေသလိုပေါ့၊ သူတို့ကလည်း သွားပြီးတော့ နေပြည်တော်ဆိုပြီးတော့မှ အကြီးအကျယ် ခမ်းခမ်းနားနားဆောက်ပြီးတော့ နေတယ်။ ဆိုတော့ ကိုလိုနီခေတ်နဲ့ ဘာမှ မထူးပါဘူး။ အဲတော့ လွတ်လပ်ရေးရတာလည်းပဲ၊ စစ်တပ်ရဲ့ ကိုလိုနီဖြစ်သွားတာပေါ့ဗျာ မြန်မာပြည်က၊ ဒါပါပဲ ။”

ဒါကြောင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံဟာ တိုးတက်မှု နောက်ကျကျန်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရ အပြီး (၈) နှစ် အကြာမှာ လွတ်လပ်ရေးရခဲ့တဲ့ မလေးရှားနိုင်ငံဟာ အခုအချိန်မှာ မြန်မာနိုင်ငံထက် အစစသာနေတာတွေ့ ရပြီး မြန်မာတွေ မလေးရှားမှာ နိမ့်ကျတဲ့ အလုပ်တွေကိုသာ လုပ်နေရတယ်လို့လဲ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်ကာလက အရှေ့တောင်အာရှမှာအတိုးတက်ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာရှိခဲ့တာပါ။ ဒါကြောင့် လက်ရှိစီးပွားရေး၊ ပညာရေး စတဲ့ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေတဲ့အခြေအနေတွေကို ပြန်ပြီး ပြုပြင်ပြောင်းလဲဖို့လိုအပ်နေပြီး တိုင်းပြည်ရဲ့အာဏာကို ထိန်းချုပ်ထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း ပြောင်းလဲဖို့လိုတယ်လို့ အဝေးရောက် အမျိုးသားညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်းက VOA ပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေး မလုပ်ဘူးဆိုရင် ဒီလိုပဲ နေမှာဘဲ။ အဲတော့ ကျနော်က အခုမြင်ချင်တာက ပြုပြင်ပြောင်းလဲရေးတွေမြင်ချင်တယ်။ ဒီပြုပြင်ပြောင်းလဲရေးတွေအကုန်လုံးထဲမှာ လည်း တပ်မတော် ပြုပြင်ပြောင်းလဲရေးပါမှာပဲ။ ဆိုတော့ ကျနော်တို့အားလုံး ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပဲ ရင်ကြားစေ့ရေးကို သွားတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ်။ နောက်တိုင်းပြည်ဟာ ခေတ်မှီတိုးတက်တဲ့ နိုင်ငံ ဖြစ်အောင် အားလုံးက ဝိုင်းလုပ်ရမယ်။ အဲဒါကိုပဲ ကျနော်ပြောချင်ပါတယ်။”

(၆၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် မြို့တော်ခမ်းမမှာ ကျင်းပမှာဖြစ်ပြီး သမ္မတဦးသိန်းစိန်တက်ရောက်မှာဖြစ်ပါတယ်။ အလားတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်ဌာနချုပ်မှာ ကျင်းပမယ့်အခမ်းအနားကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး အဲဒီနောက် NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့(၈)ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG