သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ


မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR စနစ်ကို လာမယ့် ဒီဇင်ဘာလကုန်ပိုင်းကနေစတင်ပြီး လျှောက်ထားနိုင်ပါပြီ။ မြန်မာနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေအပြင် မြန်မာနိုင်ငံ သားဟောင်းတွေပါ အမြဲတမ်းနေထိုင်ခွင့်အတွက် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမည်မည်းစာရင်းဝင်သူတွေ၊ တခြားနိုင်ငံတစ်ခုမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူတွေနဲ့ ပြစ်မှုကျူးလွန်ထားသူတွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ လဝက က ထုတ်ပြန်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

အမြဲတမ်းနေထိုင်ခွင့် ၅ နှစ်သက်တမ်း ရရှိနိုင်မယ့် PR စနစ်ကို နိုင်ငံခြားသားတွေ အနေနဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး လျှောက်ထားနိုင်ပါပြီ။ တိုင်းပြည်အတွက် လိုအပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူတွေအပြင် မြန်မာနိုင်ငံသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အမှတ်ပေးစနစ်နဲ့ ရွေးချယ်မယ့်အကြောင်း ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကနေ သတင်းထုတ်ပြန်လိုက်တာပါ။ ဘယ်လိုလူမျိုးတွေက အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်မလဲ ဆိုတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ရှင်းပြပါတယ်။

“လျှောက်ခွင့်ရှိတဲ့ လူကတော့ ခုနက ဒုက္ခသည်အဖြစ် ခံယူသတ်မှတ်ခြင်း ခံရသူမဟုတ်ဘူး၊ နောက်တခါ နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့လူ မဟုတ်ဘူး၊ ပြီးတော့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ ပြစ်မှုစာရင်းဝင်သူ မဟုတ်ဘူး၊ ပြီးတော့ ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ ကူးစက်ရောဂါ ကင်းရှင်းကြောင်း သက်ဆိုင်ရာ နိုင်ငံကနေပြီးတော့ တရားဝင် ထောက်ခံချက်မူရင်း တင်ပြနိုင်တဲ့သူ။ ပြီးတော့မှ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီးတော့၊ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အလေးထားလိုသူ ပံ့ပိုးကူညီ ဆောင်ရွက်မယ့်သူဖြစ်ကြောင်း ဝန်ခံချက်ပေးနိုင်တဲ့သူ၊ အကောင်အထည်ဖော်မှု ဗဟိုကော်မတီက အကြောင်းကြားတဲ့အခါမှာ လျှောက်ထားသူကိုယ်တိုင် လာရောက်ပြီးတော့ အစစ်ဆေးခံနိုင်တဲ့သူ။ နောက်အမြဲနေထိုင်ခွင့် ရရှိလို့ရှိရင် ပြည်တွင်းမှာ လုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေနဲ့အညီ အခွန်ထမ်းဆောင်နိုင်သူ။”

ဒါ့အပြင် အခြေအနေ အရပ်ရပ်ကြောင့် တခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခံယူဖူးတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ အနေနဲ့ လက်ရှိမှာ ဒုက္ခသည် မဖြစ်တော့ဘူးဆိုရင်တော့ အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပေမဲ့ အမည်မည်း စာရင်းဝင်ခဲ့ရင်တော့ လျှောက်ထားခွင့် မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ ရွေးချယ်မယ့် ဘုတ်အဖွဲ့မှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အရာရှိတွေအပြင် လိုအပ်ချက်အရ ခေါ်ယူမယ့် ပညာရှင်တွေကိုရွေးချယ်ဖို့ ပြင်ပအသင်းအဖွဲ့တွေဖြစ်တဲ့ အင်ဂျင်နီယာအသင်း၊ ဆရာဝန်အသင်း အစရှိတဲ့အသင်းတွေက တာဝန်ရှိသူတွေကိုလည်း ဘုတ်အဖွဲ့မှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကနေ ဘယ်လို အမှတ်ပေးပြီး ရွေးချယ်သွားမလဲ ဆိုတာကို ဦးမောင်မောင်သန်းက ပြောဆိုပါတယ်။

“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ဥစ္စာ ဒေါ်လာ ၅ သန်းကို ကျနော်တို့က ၂ မှတ်ထားတယ် ဆိုလို့ရှိရင်၊ ၁၀ သန်းသမားက ၄ မှတ် ဖြစ်မှာပေါ့၊ ၁၅ သန်းသမားက ၆ မှတ် ဖြစ်မှာပေါ့။ ဒီလိုမျိုး သူ့ဟာနဲ့သူ သွားမှာပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ ။ နောက်တခုက ကျနော်ပြောတဲ့ ပညာရှင်ဆိုတဲ့ အခါမှာလည်း ဒီလိုပါပဲ။ ကျွမ်းကျင်ပညာရှင် အနေနဲ့ ပေးတဲ့ဥစ္စာမှာ အင်ဂျင်နီယာချင်းတူရင် သူက မာစတာဒီဂရီ ရထားတယ်၊ သူကတော့ Doctorate ရထားတယ်။ ပြီးလို့ရှိရင် Doctorate ရတဲ့အပြင်၊ သူကတခုမဟုတ်ဘူး ဒီပြင်ဟာတွေပါရတယ်။ ဒီလိုဟာမျိုးတွေအပေါ်မှာ ကျနော်တို့ မူတည်ပြီး သက်ဆိုင်ရာ အနေနဲ့ အမှတ်ပေးစည်းမျဉ်း ဆွဲပြီးတော့ အဲဒီဥစ္စာတော့ အမြဲတမ်း အပြောင်းအလဲ လုပ်လုပ်ပြီး ဆွဲသွားမှာပါ။”

မြန်မာနိုင်ငံသားဟောင်းတွေ လျှောက်ပိုင်ခွင့်ရှိတဲ့ အမြဲတမ်းနေထိုင်ခွင့်မှာ သူတို့ရဲ့ မိသားစုတွေကိုလည်း ခေါ်ထားနိုင်ပေမဲ့ မိသားစုဝင်တွေကတော့ ပုံမှန်နိုင်ငံခြားသားတွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း နေကြရမယ်လို့ လဝက တာဝန်ရှိသူတွေက ပြောပါတယ်။

“ဥပမာအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံသားနဲ့ အိမ်ထောင်ကျနေတဲ့ နိုင်ငံခြားသား၊ နောက်တခါ သူတို့ကနေမွေးတဲ့ ဟိုနိုင်ငံသားခံထားတဲ့ သားသမီးတွေ ဒါပေမဲ့ သူက ကျနော်တို့ မြန်မာနိုင်ငံသားတော့ မခံဘူး။ ဟိုဘက်နိုင်ငံသား ခံယူထားတယ်။ အဲ့လိုလူမျိုးတွေ အဲ့ဒါတွေ လျှောက်ပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ ဆိုလိုတာ။ ဒါပေမဲ့ ကျန်တဲ့ဥစ္စာတော့ ကျန်တဲ့နိုင်ငံခြားသားတွေ အတိုင်းပဲ သူက ခုနကလိုပေါ့နော် Stay ကြေးတွေ၊ ဟိုဒင်းတွေကတော့ ပေးနေရမယ်။”

အမြဲတမ်းနေထိုင်ခွင့်ရမယ့် နိုင်ငံခြားသားတွေ အနေနဲ့ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိသလို ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်၊ ကိုယ်စားလှယ် အဖြစ်လည်း ဝင်ရောက်ခွင့် မရှိပါဘူး။ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွား မထိခိုက်စေဖို့၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ မထိခိုက်စေဖို့ အဓိကဦးစားပေးပြီး ရေးဆွဲထားတဲ့ အမြဲတမ်းနေထိုင်ခွင့် နည်းဥပဒေနဲ့ PR အမြဲနေထိုင်ခွင့် လျှောက်ထားဖို့ လိုအပ်ချက်တွေကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ စတင်ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG