သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြို ၂၀ ကျော်သေ


ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်ရာကထွက်တဲ့ စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် အနည်းဆုံး လူ ၂၀ လောက် သေဆုံးကြောင်း ဒေသခံတွေက ခန့်မှန်းပြီး အာဏာပိုင်တွေကတော့ ဒီကနေ့ နေ့ခင်းပိုင်းအထိ သေဆုံးသူ ၄ ယောက်သာ တွေ့ရှိသေးကြောင်း အတည်ပြုပါတယ်။

ဒေသခံတွေက သေဆုံးသူအများစုဟာ စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက် ရှာသူတွေနဲ့ အနီးအနားမှာ ဈေးရောင်းသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေပြိုခဲ့တာက အင်္ဂါနေ့ ညနေပိုင်းက စတင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ် ရွာခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာလို့လည်း ဒေသခံတွေက ခန့်မှန်းပါတယ်။ ဖားကန့်မှာ မြေပြိုပြီး လူအသေအပျောက် ရှိတဲ့အကြောင်းကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

“၅ ရက်နေ့လောက်တုန်းက ဒီမှာ ဖားကန့်မှာ မိုးရွာတယ်ဗျ။ ညရောနေ့ရော မိုးရွာတယ်။ ရွာတဲ့အခါကျတော့ အဲ့ဒီမိုးကြောင့်လို့ ယူဆရတာပေါ့ဗျာ။ ဟိုဥစ္စာ တောင်က လျှောလာတဲ့သဘောလို့ ပြောတယ်ဗျ။ ဘယ်လိုပြောမလဲ ၁ မိုင်နီးပါးလောက်အထိ လျှောလာတယ်လို့ပြောတယ်။ ကျောက်မြေစာသွန်တဲ့ကားတွေမှာ မြေစာအသွန်ကို လိုက်ပြီးမှ ရေမဆေးရှာတဲ့အခါကျတော့ အလုပ်ထဲမှာ ရေမဆေးရှာတာ အာရုံကရောက်နေတဲ့အခါကျတော့ ဒီလိုအန္တရာယ်ရှိမှန်း ဘယ်သူမှ မသိလိုက်ဘူးလေ။ ကျောက်ရောင်း ကျောက်ဝယ်သမားတွေရော၊ ရေမဆေးသမားတွေရော၊ ဈေးရောင်းတဲ့သူတွေရော အဲ့လိုမျိုး ကြားတယ်။ လောလောဆယ် မနေ့ကတော့ ည ၂ နာရီလောက် သွားကြည့်တဲ့လူတွေကတော့ အလောင်း ၂၀ လောက် ဖော်ထားတယ်လို့ ပြောတာပဲ။ အတည်ပြုလို့မရသေးဘူး။ လူဦးရေအတိအကျက။”

အခြားဒေသခံတယောက်ကတော့ ဒီနေ့နေ့ခင်းပိုင်းအထိ သေဆုံးသူအလောင်း ၈ လောင်းလောက် တွေ့ရှိထားတယ်လို့ ပြောပါတယ်။

“လောလောဆယ်ကတော့ အခု ၈ ယောက်၊ ၉ ယောက်လောက် ဖော်လို့ရပြီ။ အခုကတော့ ဆက်ဖော်နေကြတုန်းပဲ။ ခန့်မှန်းခြေကတော့ ၂၀၊ ၃၀ လို့ ပြောပါတယ်။”

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်ကတော့ သေဆုံးသူစာရင်း ၄ ယောက်သာ ရရှိထားပြီး အလောင်း ၂ လောင်းသာ ရှာဖွေ ရရှိသေးတယ်လို့ ပြောပါတယ်။

“အခု ကျနော်တို့ နာမည်နဲ့ အတည်ပြုလို့ရတာကတော့ ၄ ယောက်ရတယ်ဗျ။ ၄ ယောက်ထဲက အလောင်း ၂ လောင်းတော့ ရပြီခင်ဗျ။ သူကတော့ ဒီကုမ္ပဏီလုပ်ငန်းတွေ လုပ်တဲ့အခါမှာ စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံဗျ။ စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံကနေပြီးတော့ မနေ့က ၇ နာရီ ၁၅ မှာ မြေကနေ တဖြေးဖြေး အိပြီးတော့ ပြီးတော့ကျ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကလည်း မိုးရွာထားတာ ရှိတယ်လေ။ ဒါကြောင့် မြေက အိပြီးတော့ လျှောပြီးတော့ ပြိုကျသွားတာဗျ။ ကုမ္ပဏီလုပ်ငန်းက မြေစာပစ်တဲ့အချိန်မဟုတ်ဘဲနဲ့ ည ဂျူတီချိန်းတဲ့အချိန်ဆိုတော့ ရေမဆေးရှာတဲ့သူကတော့ ရှိတော့ရှိတယ်ဗျ။ နည်းတာပေါ့နော်။ အခု ဖြစ်တဲ့နေရာဆိုရင် အောက်ဘက်နားမှာ ဆိုင်လေးတွေရှိတယ်ဗျ။ ရေမဆေးတွေကို ဈေးရောင်းတဲ့ဆိုင်လေး။ အဲ့ဒီဆိုင်လေးတွေ ပိသွားတာဗျ။ ဆိုင်မှာဈေးရောင်းနေကြတဲ့သူနဲ့ ဘေးမှာထိုင်ပြီး စားသောက်နေတဲ့သူတွေ ပါသွားတာပေါ့။ ပတ်ဝန်းကျင်တော့ လူ ၂၀ လောက်လို့ ခန့်မှန်းကြတယ်ခင်ဗျ။ နောက်ထပ် ဆက်ဖော်ထုတ်ရင်တော့ တိုးလာနိုင်တယ်ခင်ဗျ။ ၄ ယောက်ထက်တော့။”

လက်ရှိရှာဖွေရေး ဆောင်ရွက်နေတဲ့ အခြေအနေကို ဦးတင်ဆွေမြင့်က အခုလို ဆက်ပြောပါတယ်။

“ရှာဖွေရေးလုပ်ငန်းကိုတော့ အခု ကျနော်တို့ ဒီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရယ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ရယ်၊ နောက် ကုမ္ပဏီက၊ နောက် လူမှုကူညီရေးအဖွဲ့တွေနဲ့ တဖြေးဖြေးချင်း ရှာနေတယ်ဗျ။ အရမ်းကြီးလဲ မရှာရဲဘူးဗျ။ ဆက်ပြိုနေမှာစိုးလို့။ သူက စုပေါင်းမြေစာပုံ အသစ်ဆိုတော့လေ။”

ဖားကန့်ဒေသမှာ စွန့်ပစ် မြေစာပုံပြိုကျတာကြောင့် လူသေဆုံးတာတွေ မကြာခန ဖြစ်ပျက်လေ့ရှိပြီး ၂၀၀၉ ခုနှစ်က မြေပြိုတာကြောင့် လူ ၂၀ လောက် သေဆုံးခဲ့သလို ၂၀၁၀ ခုနှစ်ကတော့ လူ ၅၀ လောက်အထိ သေဆုံးခဲ့ပါတယ်။ ဒီလိုမြေပြိုတာတွေဟာ အရင်က ကျောက်စိမ်းတူးဖော်တာကို တပိုင်တနိုင် ဆောင်ရွက်စဉ်က ဖြစ်လေ့မရှိဘဲ နောက်ပိုင်း စက်ယန္တယားတွေနဲ့ တူးဖော်လာတဲ့နောက်မှ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ဒီလို စက်ယန္တယားကြီးတွေနဲ့ တူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးရသလို နှစ်စဉ် ဥရုချောင်း ရေကြီးရေလျှံတာတွေဖြစ်ကြောင်း ဝေဖန်ထောက်ပြကြပါတယ်။

XS
SM
MD
LG