သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဗုံးပေါက်ကွဲမှု ရဲတစ်ဦး ဒဏ်ရာရ


ဖားကန့်
ဖားကန့်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုဖြစ်ပွား ခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ညက ဒေသတွင်းမှာ ပေါက်ကွဲမှု ၄ကြိမ်ဖြစ် ပွားခဲ့ပြီး အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေ ရေရှည် လာမယ်ဆိုရင် မိုးကောင်း- ဖားကန့်လမ်းပိတ်ဆို့သွားနိုင်ပြီး ကုန်စည်စီးဆင်းတာတွေ ရပ်တန့်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဖားကန့်ဒေသက နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်းမှာ ဒီလ ၁၅ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဖားကန့်နဲ့ မိုးကောင်း ကားလမ်းမှာ ၃နေရာလောက်တိုက်ပွဲဖြစ်ခဲ့သလို ညပိုင်းမှာတော့ ဗုံး ၄လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီလိုဗုံးတွေ ဆက်တိုက်ပေါက်ကွဲ ခဲ့ကြောင်းကို ဒေသခံ တယောက်က အခုလို ပြောပါတယ်။

" ၇နာရီနဲ့ ၈နာရီကြား ကြားသိရတာကတော့ လုံးခင်းမှာက တပ်ကုန်းနားမှာက မိုင်းနှစ်လုံးကွဲတယ်။ နောက် ဖားကန့်မှာကျတော့ ၇နာရီနဲ့ ၈နာရီကြားပါပဲ။ ဒီဘေလီတံတား ဖားကန့်နဲ့ ကူးထားတဲ့ ဥရုချောင်းကူးတံတား လုံခြုံရေးတာဝန်ယူထားတဲ့ရဲတွေပေါ့ဗျာ။ ရဲကင်းစောင့်တွေကို သူတို့က မိုင်းလာပစ်သွားတယ်။ အဲ့ဒီ့တဲတွေကြားထဲမှာ ရဲကင်းမှူး ဗိုလ်မှူးတယောက်ထိတယ်လို့ကြားတယ်။ ဒဏ်ရာရတယ်ပေါ့ဗျာ။ ခြေထောက်မှာ။

နောက်ပြီးတော့ ၇နာရီ၊ ၈နာရီကြားမှာ ရှမ်းတောင် စရဖရုံးရှေ့မှာလည်း ဗုံးတလုံးကွဲတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။"

ဗုံးပေါက်ကွဲပြီးတဲ့နောက် တံတားကို ပိတ်လိုက်ပြီး မြို့အတွင်းနဲ့ မြို့ အဝင်၊ အထွက်မှာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ကြာသာပတေးနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူတဦးက အခုလို အတည်ပြုပါတယ်။

"ဟုတ်ကဲ့။ ကွဲတာတော့ ကွဲတယ်ခင်ဗျ။ ကျန်တာတော့ အချက်အလက်ကို အတိအကျ ကျနော်တော့ မသိဘူးဗျ။ ကိုင်တဲ့ဌာနစိတ်က တယောက်မှ မရှိဘူးဗျ။"

ရဲတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိတာလည်း ဟုတ်မှန်ကြောင်း ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီလို ဗုံးပေါက်ကွဲတာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာမယ်ဆိုရင် လမ်းပမ်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက် လာနိုင်မယ်လို့လည်း လုံးခင်းဒေသခံတဦးက သုံးသပ်ပါတယ်။

" အခုလို ဒီလိုသာ နေ့စဉ်ရက်ဆက် ဖောက်ခွဲမှုတွေ ဖြစ်လာမယ်ဆိုရင် ကြာလာရင် လမ်းတွေပါ ပိတ်ဆို့တာတွေဖြစ်လာရင် ကုန်ဈေးနှုန်းတွေ တက်မှာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်ဖို့ အနေအထားလေးတွေရှိတယ်ဗျ။ ပြီးတော့ အခုအနေအထားမှာက ဖားကန့်မှာက လမ်းပမ်း ဆက်သွယ်ရေး ကောင်းလာတဲ့အခါကျတော့ ဒေသခံတွေက ဆန်တို့ဘာတို့ လှောင်ထားတာမရှိဘူး။

အရင်တုန်းကဆိုရင် လမ်းပမ်းဆက်သွယ်ရေး မကောင်းတဲ့အခါကျတော့ တနှစ်စာ ဆန်တွေ ဘာတွေ သိုလှောင်ထားကြတာတွေရှိတယ်။ တကယ်လို့ လမ်းပမ်းဆက်သွယ်ရေးကသာ ပြတ်တောက်ပြီးတော့မှ ဖြစ်သွားမယ်ဆိုလို့ရှိရင်ကုနဈေးနှုန်းတွေက သေချာပေါက် တက်လာမှာပဲဗျ။"

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း လုံးခင်းနဲ့ ဖားကန့်မှာ ဒီလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့ဖူးပါတယ်။ ဒါကတော့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို KIA က ဖမ်းဆီးခဲ့တဲ့နောက် အစိုးရတပ်က KIA တပ်စခန်းတွေကို လက်နက်ကြီးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုတွေအတွင်းမှ လုံးခင်းရဲစခန်းက ရဲမိသားစုဝင် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

XS
SM
MD
LG