မြန်မာအာဏာပိုင်တွေကို ရုပ်ပြောင် လုပ်ထားတဲ့ ဓါတ်ပုံတွေကို FaceBook ပေါ်မှာ တင်ခဲ့တဲ့ မုံရွာမြို့က အလွတ်သတင်းထောက် ကိုအောင်နေမျိုး ကို နိုင်ငံတော် အစိုးရပေါ် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ မုံရွာမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဖမ်းဆီးစစ်ဆေး နေဆဲဖြစ်ကြောင်း ရဲစခန်းကပြောပါတယ်။ စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
သတင်းထောက် ကိုအောင်နေမျိုး FaceBookပေါ် တင်ခဲ့တဲ့ ဓါတ်ပုံထဲမှာ ကွန်လုံ ရက် (၄၀) ဆိုတဲ့ ရုပ်ရှင်ကားကို ပုံသဏ္ဍာန်တမျိုးပြောင်းပြီး အစိုးရထိပ်တန်း တာဝန်ရှိသူတွေရဲ့မျက်နှာတွေနဲ့ လှောင်ပြောင်လုပ်ထားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။
ကိုအောင်နေမျိုးကို မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ကြာသပတေးနေ့ ညသန်းခေါင် အချိန် အိမ်မှာလာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူ ကိုကံဆွေက ပြောပါတယ်။
" သူတို့အကြောင်းပြတာက မူးယစ်ဆေးဝါးဆိုတဲ့ ရှာဖွေပုံစံနဲ့ လုပ်တာပေါ့။ တကယ့်တကယ်ကျတော့ အဲ့ဒီ့ Facebook ကိစ္စပဲ။ Facebook ကိစ္စမှာ နိုင်ငံတော် အကြီးအကဲတွေရဲ့ ပုံတွေကို သရုပ်ပျက်ပုံစံမျိုးနဲ့လုပ်တယ်လို့ ယူဆတာပေါ့နော်။ အထက်က တိုက်ရိုက် ညွှန်ကြားပြီးတော့မှ ရဲစခန်းမှူးနဲ့ ပူးပေါင်းပါဝင်အဖွဲ့ဆိုပြီး ည ၂နာရီ ၁၅လောက် ဝင်ဖမ်းတယ်လို့ ကျနော်တို့သိရတော့ ဒီနေ့ မနက်ခင်းမှ လိုက်ပြီးတော့ အကူအညီပေးတာလေနော့။ မြို့မစခန်းမှူးနဲ့တော့ လေးနာရီလောက်မှာ စကားပြောဖြစ်တယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့ကို ခေါ်တွေ့ဆုံတဲ့အချိန်မှာ အမှုဖွင့်လိုက်ပြီလို့ ကျနော်တို့ကိုပြောပြပါတယ်။ "
သတင်းထောက် ကိုအောင်နေမျိုးကို အရေးပေါ်စီမံမှု အက်ဥပဒေ ၅က/င တို့နဲ့ ဖမ်းဆီးထားကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။
"သူ့ရဲ့ တိုင်စာမှာ ဒီကိုအောင်နေမျိုးက သူ့ရဲ့ Facebook မှာ သူတင်ထားတဲ့ ဓာတ်ပုံတွေနဲ့ စာသားတွေဟာဆိုလို့ရှိရင် ဒီပြည်ထောင်စု အစိုးရ အပေါ်မှာ မေတ္တာပျက်စေရန်၊ စည်းကမ်းတွေ ဖီဆန်ဖို့၊ သစ္စာမဲ့ဖို့၊ တာဝန် ဝတ္တရားဆောင်ရွက်တာကို ယုတ်လျော့ထိခိုက်စေဖို့ အနှောင့်အယှက်ပြုစေဖို့ မမှန်ကြောင်းသိလျက်နဲ့ ဒီမမှန်သတင်းကို ထုတ်လွှင့်ဖို့ ကြံရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပါခင်ဗျ။ အဲ့ဒီ့အရ အရေးပေါ်စီမံမှု ပုဒ်မ (၅၀၅ က/ င) အဲ့ဒီ့အရ အရေးယူပေးဖို့ လာတိုင်တယ် လာတိုင်တဲ့အတွက်ကြောင့် ကျနော်တို့ အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်ခင်ဗျ။"
သတင်းထောက် ကိုအောင်နေမျိုးဟာ ဓါတ်ပုံသတင်းထောက်တဦးဖြစ် သလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးလဲဖြစ်တယ်လို့ သူ့အသိုင်း အဝိုင်းက ဆိုပါတယ်။ သူ့ကို အခုလို ဖမ်းထားတဲ့ ပုဒ်မတွေဟာ အကြောင်းပြရုံ သက်သက် သာဖြစ်တယ်လို့ သူ့မိတ်ဆွေ ကိုကံဆွေက ဆိုပါတယ်။
"မူးယစ်ဆေးက မတွေ့ဘူးလို့ အကိုရယ်။ အမှန်က အကြောင်းပြဖမ်းတယ်လို့ ကျနော်က ထင်တာပေါ့။ ယူဆတာပေါ့နော်။ တကယ်လည်း မူးယစ်ဆေး လုပ်တဲ့သူမှ မဟုတ်တာ။ သူ မီဒီယာလောကမှာ တရားဝင် လုပ်ရှုားနေတာပဲ။ တကယ်တမ်း ရှာဖွေတော့လည်း မတွေ့ဘူးပေါ့ဗျာ။ မတွေ့တဲ့အခါကျတော့ သူ့ရဲ့ ကွန်ပျူတာတွေ သူသုံးနေကျ ပစ္စည်းတွေ အကုန်အစုံသိမ်းဆည်းပြီးမှ သူတို့ လိုချင်တဲ့ ဖိုင်တွေ ယူသွားပြီးမှ တရားစွဲတယ်လို့ ယူဆပါတယ်ဗျ။"
ကိုအောင်နေမျိုး အမှုကို ရမာန်(၂)ပတ် ယူထားပြီး မတ်လ(၁၂)ရက်နေ့မှာ ရုံးတင် စစ်ဆေးမယ်လို့ ဒုရဲမှူးပြုံးလွင်က ပြောပါတယ်။
"တရားသူကြီးဆီကို တင်ပြပြီးတော့ တရားသူကြီးရဲ့ ရမာန်ပေါ့ ချုပ်မိန့်ပေးချက်အရ ကျနော်တို့က ဖမ်းထားတာဖြစ်ပါတယ်ဗျ။ ကျနော်တို့ စစ်ဆေးဆဲကာလပါ။ ရဲတပ်ဖွဲ့က စစ်မှာပါ ခင်ဗျ။ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီးတော့ ဒါ ဘယ်သူတွေက အပြစ်ရှိပါတယ်။ သူ့အပြင် ဘယ်သူတွေလည်း အပြစ်ရှိရင် အပြစ်ရှိပါတယ်ဆိုတာ ထပ်ပြီး ပေါ်ပေါက်လာပါလိမ့်မယ်။ လာမယ့် မတ်လ ၁၂ရက်ကို ပထမ ရမာန်ကို လက်ရှိယူထားပါတယ်ခင်ဗျ။"
FaceBook ပေါ်မှာတော့ ကိုအောင်နေမျိုး အမြန်ပြန်လည် လွတ်မြောက်ရေး အတွက် ဝေဖန်ရေးသားမှုတွေကို တွေ့နေရပါတယ်။