သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြူနှင်းထွေး ပြန်လွတ်ပြီ


ကနဦး ရုံးချိန်းတခုတွင် တွေ့ရသည့် မဖြူနင်းထွေး။
ကနဦး ရုံးချိန်းတခုတွင် တွေ့ရသည့် မဖြူနင်းထွေး။

စက်တင်ဘာလ လယ်ပိုင်းတုန်းကတည်းက အဖမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင် တရားရုံးကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တာ ပါ။

ဒီကနေ့ရုံးချိန်းမှာ အမှုကို ဆက်ပြီး စစ်ဆေးဖို့ဖြစ်ပေမဲ့ တရားလိုဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်ဘက်ကနေ အမှုကို ပြန်ရုပ်သိမ်းသွားတာကြောင့် အခုလို မဖြူနှင်းထွေး လွတ်မြောက်လာတာလို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ဗွီအိုအေကို ပြောပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကို မထိခိုက်စေလိုတဲ့ အချက် အပါအဝင် အချက် ၄ ချက်ကြောင့် အခုလို အမှုကို ပြန်လည်ရုပ်သိမ်းကြောင်း ဦးပိုင်ကိုယ်စားလှယ်က တရားရုံးကို လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့အတူတွဲပြီး လုပ်နေတဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီက တရုတ်အလုပ်သမား နှစ်ဦးကို ပြီးခဲ့တဲ့မေလမှာ ပြန်ပေးဆွဲမှု ပုဒ်မ ၃၆၄/၆၈ တို့နဲ့ ဆားလင်းကြီးရဲစခန်းက စွပ်စွဲပြီး မဖြူနှင်းထွေးကို မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထားတာပါ။ သူ့အမှုအတွက် တရားလိုသက်သေတွေကို ရုံးချိန်း ၅ ကြိမ် စစ်ဆေးပြီးတဲ့နောက် အခုလို ပြန်လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

မဖြူနှင်းထွေး ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားတဲ့ တရုတ်အလုပ်သမားနှစ်ဦးကို ပြန်ပေးဆွဲတယ်ဆိုတဲ့ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့ တခြား ဒေသခံ ၅ ဦးကို အခင်းဖြစ်ပြီးချိန်ကတည်းက ကျေအေးပြီးတော့ တရားမစွဲခဲ့ပါဘူး။ ဒါပေမဲ့လည်း မဖြူနှင်းထွေးကိုတော့ အခင်းဖြစ်ပြီး ၅ လလောက် ကြာတော့မှ ဖမ်းဆီးပြီး စွဲချက်တင်တာပါ။

သူ့ကိုဖမ်းသွားချိန်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင် ဝေဖန်ထား ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာတွေလည်း မကြာခန ရှိခဲ့ပါတယ်။

XS
SM
MD
LG