သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၅၀ ကျော် သမ္မတအမိန့်နဲ့လွှတ်


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
မြန်မာအစိုးရ က နိုင်ငံရေး အကျဉ်းသား ၅၉ ဦး အပါအဝင် အကျဉ်းသား ၉၃ ဦးကို နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။ အခု လွတ်တဲ့အထဲပါလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက အစိုးရထံ တရားဝင် တင်သွင်းထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးနဲ့ နောက်ဆက်တွဲ တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား ၄၀ တို့ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပက တောင်းဆိုမှုတွေ ရှိနေတဲ့အပြင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စိစစ်ရေး ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေကြတဲ့အချိန်မှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ဒီကနေ့ အကျဉ်းသားတွေကို အခုလို လွှတ်ပေးလိုက်တာပါ။

အခု လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်သူ စုစုပေါင်း ၅၉ ဦး ပါတယ်ဆိုတာ သူတို့အနေနဲ့ အတည်ပြုလို့ ရတဲ့အကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

“၅၉ ယောက်ရှိတယ်။ အခုလောလောဆယ် ကျနော်တို့ ရထားတာပေါ့ဗျာ။ ဘာလို့ ၅၉ ယောက် ဖြစ်ရသလဲဆိုတော့ ရှမ်းတိုင်းရင်းသား အယောက် ၄၀ ပါပါတယ်။ သူတို့က တပ်ရင်းအလိုက် အဖမ်းခံထားရတဲ့သူတွေပါ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒီလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ ဒီလူတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ အဲ့ဒီလူတွေက ကျနော်တို့ ပထမ နိုင်ငံရေးအကျဉ်းသားစာရင်းထဲမှာ မပါဘူး။ ဆိုတော့ ဒီ SNLD ပေါ့လေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြလာတဲ့အတွက် ဒါကို ကျနော်တို့က နောက်ဆက်တွဲအနေနဲ့ တင်ပြတာ ဖြစ်ပါတယ်။”

“သူတို့ကလည်း တကယ်တော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထောင်ကျခဲ့တဲ့ လူတွေပါ။ ကျနော်တို့ နဂိုစာရင်းထဲမှာ မရှိတာပဲဖြစ်တယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရှိနေတဲ့ စာရင်းထဲမှာတော့ ၁၉ ယောက်ပဲ ပါတယ်လု့ိ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီဟာတွေက မပြည့်စုံသေးဘူးပေါ့နော်။”

အစိုးရပိုင်းက အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ပြန်လွှတ်ပေးဖို့ သမ္မတထံ အဆိုပြု တင်သွင်းထားတဲ့ စာရင်းနဲ့ အခု လွတ်လာတဲ့စာရင်း ကွာခြားနေတာကြောင့် ဒီအပေါ်မှာ မေးခွန်းထုတ်စရာ အများကြီး ရှိနေတယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေပြီးတော့ စာရင်းတွေ ပေးထားပြီးတော့ ပြန်လွှတ်ပေးမယ်ဆိုတဲ့ လူ ၉၉ ယောက်ရှိပါတယ်။ ဒီ ၉၉ ယောက်ထဲမှာ အခုဟာ ခုနပြောတဲ့ ၁၉ ယောက်ပဲ ပါလာသေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။ ဒီ ၉၉ ယောက်က သမ္မတထံ တင်ပြထားတယ်။ သမ္မတကနေပြီးတော့ ခွင့်ပြုတဲ့အခါမှာ ပြန်ပြီးတော့ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ဒီလူတွေကိုတော့ လွှတ်ပေးမယ်ဆိုတာကို ကျနော်တို့ သိထားတယ်။ သို့ပေမဲ့ အခု လွှတ်လာတဲ့အခါကျတော့ အကုန်လုံး ပါ မလာဘူးဖြစ်နေတယ်။ အဲ့ဒါကတော့ ကျနော်တို့ ဟို မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဆိုတော့ ကျနော်တို့ AAPP အနေနဲ့ရော၊ သာမန် နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်အနေနဲ့ရော၊ ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှာပါတဲ့ အဖွဲ့အနေနဲ့ရော ကျနော်တို့ဆီမှာ မေးခွန်းထုတ်စရာတွေ အများကြီး ကျန်ပါတယ်။ ကျနော်တို့ မနက်ဖြန်လောက်ကျရင်တော့ ကျနော်တို့ရဲ့ သဘောထားကိုတော့ ကျနော်တို့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။”

အခုလွတ်တဲ့အထဲမှာပါတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာလည်း သူတို့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်အသီးသီး ရက်စေ့ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ
လျှော့ရက်နဲ့ ပြန်လွတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ သူတို့ကို ဒီကနေ့ မလွှတ်ပေးခင် ထောင်အာဏာပိုင်တွေက ပြစ်မှု ပြစ် ဒဏ်တွေ လျှော့ပေါ့ပြီး လွှတ်ပေးတယ်ဆိုတဲ့အကြောင်း နေ့လည်မှာ အကြောင်းကြားပြီး ညနေစောင်းမှာ လွှတ်ပေးလိုက်တာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရဲထက်မိုး က
ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ၆ ယောက်ပေါ့ အင်းစိန်ထောင်က လွတ်တာ ခင်ဗျ။ လွတ်လာတဲ့သူ ၆ ယောက်က နိုင်ကျဉ်းပေ့ါနော်။ ၂ ယောက်ကတော့ အဖွဲ့အစည်း ကိုးကန့်တို့၊ ၀ တို့နဲ့ ဆက်နွယ်တဲ့ ၂ ယောက်ပဲ။ ကျန် ၂ ယောက် က နိုင်ငံခြားသားပေါ့။ တခြားလူတွေက မသိသေးဘူးခင်ဗျ။ အကုန်လုံးကတော့ ကျနော်တို့ သိထားတာ ၉၀ ပဲ သိထားတယ်ခင်ဗျ။ ကျနော်တို့ တိုက်ဝင်းထဲမှာ ရှိတဲ့သူတွေ လာပြောတာပေါ့နော်။ ကျနော်တို့ကို အမိန့်စာ ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ ကျနော်တို့ကို လွှတ်လိုက်တယ်။ ဒီမှာတော့ ကျနော်တို့ က အတိအကျတော့ မသိဘူးဗျ။ လွှတ်တာက သူတို့ ပြစ်ဒဏ်က လျှော့ပေါ့ ပြီးတော့ လွတ်တာပဲသိတယ်။ ကျနော်တို့လည်း အခုမှ လွတ်တာဆိုတော့ မသိသေးဘူး။ သူတို့ပြောတာ အဲ့ဒါမျိုးတော့ မပြောဘူးပေါ့နော်။ ဘာကြောင့်လွှတ်တယ်။ ဘာအတွက် လွှတ်တယ်ဆိုတာ ကျနော် မသိခဲ့ဘူးနော်။”

သူ့ကို ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှု၊ မတရားအသင်း ဖွဲ့စည်းမှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၉ နှစ် ချမှတ် အပြစ်ပေးခဲ့ပေမယ့် အာဏာပိုင်တွေ ဘက်က သက်သေ အထောက်အထား ခိုင်လုံအောင် မပြနိုင်ခဲ့ဘူးလို့ ကိုရဲထက်မိုးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့တွေက ပြုစုထားတဲ့ စာရင်း ဇယားတွေအရ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ၄၀၀ နီးပါးလောက်ရှိတယ်လို့လည်း AAPP အဖွဲ့က ကိုတိတ်နိုင်က ပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) နဲ့အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နိုင်ငံတော် သမ္မတ က ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG