သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်


မိတ္ထီလာမြို့ဈေး အရှေ့ပြင်ရပ်မှာရှိတဲ့ ရွှေဆိုင်တဆိုင် မှာ ရွှေအရောင်းအဝယ်လုပ် အချင်းများရာကနေ စတင်ပြီး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်း ဖြစ်ခဲ့တာကြောင့် မိတ္ထီလာမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရပါတယ်။

ညပိုင်းရောက်တဲ့အထိ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အာဏာပိုင်တွေက အခြေအနေတွေကို တည်ငြိမ်အောင် ကြိုးပမ်းနေပါတယ်။ အဖြစ်အပျက်ကြောင့် သံဃာတပါးနဲ့ အမျိုးသား ၅ ယောက် စုစုပေါင်း ၆ ယောက် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီနောက် သံဃာတပါးနဲ့ အသက် ၂၆ နှစ် အရွယ် အမျိုးသား တဦးတို့ဟာ မီးလောင် ဒဏ်ရာတွေနဲ့ ညပိုင်းမှာ ကွယ်လွန် သွားခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်လည်း အဲ့ဒီကိုရောက်နေပြီး အခြေအနေတွေ တည်ငြိမ်လာအောင် မြို့ခံတွေနဲ့အတူ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင် ကတော့ ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်တွေကို အကာအကွယ်ပေးရေးမှာ လုံခြုံရေးတပ်ဖွဲ့တွေက တာဝန်ယူပေးကြ ဖို့ အခုလို တိုက်တွန်းထားပါတယ်။

“ကျနော်တို့ဆီမှာလည်း ကွန်ရက်တွေ အပြည့်ရှိတယ်။ ကျနော်တို့ တနှစ်ပတ်လုံး ကျနော်တို့ဖွဲ့ထားတဲ့ ကွန်ရက်တွေက မိတ္ထီလာမှာ အခိုင်အမာရှိတယ်။ အဲ့ဒီက ရတဲ့သတင်းတွေ၊ မှတ်တမ်းမှတ်ရာတွေအရဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေဟာ ရပ်ယုံတင် ရပ်နေပြီးတော့ အဲ့ဒီတပ်ဖွဲ့ကြားထဲက တိုးဝင်သွားပြီးတော့ ခုနက အကြမ်းဖက်မှုလုပ်တဲ့ လူတွေကို ခွင့်ပြုလိုက်တဲ့သဘောမျိုး ဖြစ်နေတယ်။ အဲ့တော့ ဒါဟာ ငြိမ်းချမ်းစွာ သဘောထားဆန္ဒ ထုတ်ဖော်နေတာ၊ အေးချမ်းစွာနဲ့ သဘောထားဆန္ဒ ထုတ်ဖော်နေတာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကိုတော့ တားရပါလိမ့်မယ်။ အဲ့ဒီအတွက် ဘာမှ စိုးရိမ်ကြောင့်ကြ နေစရာလည်း မလိုဘူး။ ပြည်သူလူထုက နားလည်ပြီးသား လက်ခံပြီးသား၊ တကယ် အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးမယ့် အကြမ်းဖက်မှုမျိုးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တာဝန်ယူရပါလိမ့်မယ်။”

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ဟာလည်း ပြဿနာတွေကို ထိန်းထိန်းသိမ်း သိမ်း ညှိနှိုင်းနိုင်ဖို့ ဗုဒ္ဓဟူးနေ့ ညပိုင်းကတည်းက မိတ္ထီလာမြို့ကို ထွက်သွားကြပြီလို့ သိရပါတယ်။
XS
SM
MD
LG