သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ် (ဇွန် ၁၅၊ ၂၀၁၂)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ် (ဇွန် ၁၅၊ ၂၀၁၂)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်က
စပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီ
လာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံရခိုင်လူမျိုးတွေ၊
ဟိန္ဒူတွေက OIC ရုံးကို လက်မခံနိုင်ကြောင်းနဲ့ ဘင်္ဂလားဒေရှ့်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်နေတာတွေရပ်ဖို့တောင်းဆိုခဲ့ကြပြီး ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို စာပေးပို့ခဲ့ပါတယ်။

ဒီ့နောက်မှာတော့ စစ်တွေမြို့က ဘင်္ဂလီဒုက္ခသည်စခန်း ၂ခုကနေ စတင်ပြီး
မငြိမ်မသက်ဖြစ်ရာကနေ စစ်တွေမြို့က ဘင်္ဂလီ အစ္စလာမ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ လူစုလူဝေးနဲ့စတင်ခဲ့တာပါ။ ဒီ့နောက် ပစ်ခတ်မှုတွေဖြစ်ခဲ့ရကြောင်း စစ်တွေ မြို့ခံတဦးကပြောပြပါတယ်။

“သက်ကယ်ပြင်နဲ့ သဲချောင်း ဒုက္ခသည်စခန်းမှာ စပြီးတော့ လှုပ်လှုပ်ရွရွ ဖြစ်တယ်ပေါ့။ လှုပ်ရှားမှုပုံစံမျိုး လူတွေ စုရုံးပြီး အဲ့ဒီ့လိုလုပ်လာတယ်။ ပြီးမှ အဲ့ဒီ့ကနေပြီးတော့ ၇နာရီကျော်လောက်မှာ မူဆလင်တွေက လမ်းပေါ်ထွက်လာတယ်။ မူဆလင်တွေ လမ်းပေါ်ထွက်ပြီး စုရုံးတဲ့အခါ ရဲက ထိန်းလို့ မနိုင်ဘူး။ အဲ့ဒီ့အဖြစ်အပျက်ကို အနီးအနားမှာ ရှိတဲ့ ရခိုင်တွေက မြင်တော့ သက်ဆိုင်ရာ ကိုယ့်မိတ်ဆွေတွေဆီ လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားရင်းနဲ့ တခါတည်း ရခိုင်တွေ ဝိုင်းအုံလာကြတယ်။

ဝိုင်းအုံလာတော့ ရဲက ဒီဘက်မှာ ထိန်းလို့မနိုင်ရတဲ့အထဲ ဟိုဘက်က ရခိုင်တွေ အစုလိုက်အပြုံလိုက် ရောက်လာတော့ အဲ့မှာ ထိန်းလို့သိမ်းလို့မရဖြစ်နေ တယ်။ ဖြစ်နေတဲ့ ကာလမှာ ပြဿနာ ပိုကြီးလာမှာ စိုးတဲ့အတွက်ကြောင့် ဆိုပြီး
သူတို့ မျက်ရည်ယိုဗုံး ၄ လုံးပစ်တယ်။ တစ်လုံးက လူနေအိမ်ထဲကို ရောက်သွားတယ်။ အဲ့ဒီ့မှာ အိမ်ထဲမှာ ပေါက်ကွဲတယ်။

အဲ့ဒီ့ရခိုင်အိမ်မှာက ကလေးကမွေးတာ တစ်လလောက်ပဲရှိသေးတယ်။ ကလေးမွေးနေတာ။ ယောက်ကျားနံမည်က စနေထွန်း။ မိန်းမနံမည်က မမဉ္ဇူတဲ့။ အသက် ၂၅နှစ် အရွယ်ရှိတယ်။ နှစ်ယောက်လုံး သတိမေ့သွားတယ် တဲ့။ ကလေးရော အမေပါတဲ့။ အဲ့ဒီ့အပေါ်မှာ အဲ့ဒီ့အိမ်က လူတွေက မကျေနပ်ဘူးပေါ့လေ။ ဘယ်လိုလုပ်ပြီးတော့ ဒီမျက်ရည်ယိုဗုံးဆိုတာ လမ်းပေါ်မှာပဲ ပေါက်ကွဲရမှာလေ။ လူအိမ်ပေါ်အထိ ရောက်ပြီး ပေါက်ကွဲတယ်ဆိုတာ မကောင်းဘူးဆိုပြီး ပြောတယ်။ အဲ့လိုဖြစ်နေတဲ့အထဲမှာ အဲ့မှာ ထိန်းလို့မရလို့ သေနတ်ကို မိုးပေါ်ထောင်ပစ်တယ်။ ၇ချက် ၈ချက်လောက် ပစ်သံကြားရတယ်။ ပစ်သံကြားပြီးတော့ နောက်၁၀နာရီလောက်မှာတော့ လူစုကွဲသွားတယ်။”

ပစ်ခတ်မူတွေရှိနေပေမဲ့ အသေအပျောက်နဲ့ ဒဏ်ရာရရှိမှုတွေ တော့ မကြားရသေးဘူးဆိုပြီး မြို့ခံတွေကဆိုပါတယ်။ ဒီပစ်ခတ်မှုတွေနဲပတ်သက်လို့ စစ်တွေမြို့က အာဏာပိုင်တွေကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စစ်တွေမြို့မှာ သံဃာတော်တွေက မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်တာကို လက်မခံနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တာတွေ ရပ်ဖို့အတွက် ဆန္ဒပြမူတွေ လုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၂ရက်နေ့မှာလည်း စစ်တွေမြို့မှာ ဆန္ဒပြမူတွေ ဆက်ဖြစ်ခဲ့ပြီး တဲ့နောက် စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံး ကို သွားရောက်ခဲ့ပုံ ကိုလည်း ဆက်ပြောပြပါတယ်။

“ အလွှာပေါင်းစုံပေါ့။ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့အခါမှာတော့ ဆန္ဒပြတဲ့သူက တစ်ထောင်လောက် မဖြစ်ပါဘူး။ ဒါပေမဲ့ နောက်က လူထုက လိုက်လာပြီးတော့ လေး၊ ငါးထောင်လောက်တောင် ဖြစ်သွားတယ်။ OIC လက်မခံဘူး။ နောက်တခါ ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာတွေကို သတ်ဖြတ်ခံရတာတို့၊ မီးရှို့ခံရတာတို့ အဲ့တာတွေကို ထိန်းသိမ်းပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့က ဒီဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို သွားပြီးတော့ စာပေးတယ်။ ဆန္ဒပြရင်းနဲ့ စာပေးတော့ သူတို့က ငြင်းတယ်လေ။ လက်မခံဘူး။ လက်မခံတော့ အဲ့တာကို ပြန်ယူလာတယ်။ ယူလာတော့ နည်းနည်းလည်း စကားပြောခဲ့တယ် ထင်ပါတယ်။ သံတမန်ကျင့်ဝတ်နဲ့မညီဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီးတော့ ထွက်လာတယ်။”

ရခိုင်ပြည်နယ်မှာဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားခဲ့တာ လနဲ့ ချီကြာခဲ့ပြီဖြစ် သလို ပြသာနာတွေက ပြေလည်မှုမရသေးပဲ တင်းမာမူတွေ ရှိနေခဲ့တာပါ။ စစ်တွေမြို့ မှာတော့ အင်ပါလာလို့ ခေါ်တဲ့ အောင်မင်္ဂလာ ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်တွေ၊ ဘင်္ဂလီတွေ ကလေး လူကြီး အင်အား ၅၀၀၀ ခန့် နေထိုင်နေဆဲဖြစ် တာကြောင့် ရခိုင်အမျိုးသားတွေ အနေနဲ့ပြသနာတွေ ဆက်ဖြစ်နေနိုင်တယ်လို့ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ရက် ည၁၀နာရီကျော် အချိန်လောက်မှာ ပြသနာတွေပြေလည်သွားပြီလို့ဆိုပေမဲ့ ရခိုင်လူမျိုးတွေကို အဖမ်းအဆီးတွေ ရှိနေတယ်လို့ ရခိုင်လူမျိုးတွေဘက်ကပြောပါတယ်။
XS
SM
MD
LG