သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေအပေါ် နိုင်ငံရေးပါတီတွေ့ရဲ့အမြင်


ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
ရန်ကုန်မှာ ကျင်းပတဲ့ သံဃာ့အစည်းအဝေး (ဇွန်လ ၂၇၊ ၂၀၁၃)
တနေ့က သံဃာအစည်းအဝေးမှာ တင်သွင်းဆွေးနွေးတဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ် ထိမ်းမြားမှုကို ကန့်သတ်တဲ့ မျိုးစောင့် ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အခြေအနေအချိန်အခါအရ မဖြစ်သင့်သေးဘူးလို့ ယူဆသူတွေ များ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ တကယ်ထွက်လာမယ့် ဥပဒေမူကြမ်းပါ အသေးစိတ်ကိုတော့ လေ့လာရဦးမယ်လို့ တုံ့ပြန်ကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

ဗုဒ္ဓဘာသာ သံဃာတော် အပါးတစ်ထောင်ကျော် တက်ရာက်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနဲ့တွေ့ဆုံညှိနှိုင်းပွဲမှာ သံဃာတော်တွေ၊ ဘာသာရေးနဲ့ ပတ်သက်လို့ ဥပဒေကြမ်းနှစ်ရပ် အဆိုပြုခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ မြန်မာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားမှုနဲ့ပတ်သက်လို့ အခြားဘာသာဝင်တွေနဲ့ လက်ထပ်ရာမှာ ကန့်သတ်ချက် စည်းမျဉ်းတွေ ပါဝင်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးညွန့်ကတော့ အခုလို ဘာသာရေးတင်းမာမှုတွေရှိနေချိန်မှာ ဒီ ဥပဒေကြမ်းအဆိုပြုတာမျိုးဟာ သတိထားပြီး ဆောင်ရွက်ရမယ့် အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိတိုင်းပြည်ရဲ့အခြေအနေနဲ့- အခြေအနေဆိုတာ အရပ်ရပ်ကို ချိန်ပေါ့။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ကိစ္စ၊ ဘာသာရေးကို အကြောင်းပြုပြီးတော့ ပဋိပက္ခတွေဖြစ်နေတဲ့ကိစ္စ၊ အဲဒီလိုတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒီဟာဟာ အလွန်သတိထားပြီးတော့ ဆောင်ရွက်ဖို့ကောင်းတဲ့ ကိစ္စမျိုးလို့ ထင်ပါတယ်။”

အာဏာရကြံ့ခိုင်ရေးပါတီရဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်ဖို့ ကြိုးပမ်းနေတဲ့အချိန်ကာလမှာ အခုလို သွေးကွဲစေမယ့် အခြေအနေမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

“ကျနော့်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီလို မလုပ်စေချင်ဘူး၊ မဲရတာ၊ မဲမရတာ အသာထားလိုက်ဗျာ။ မျိုးစောင့်ရတယ် ဆိုတာ ကျနော်တို့ မျိုးနွယ်အချင်းချင်း ကိုယ့်ဖာသာကိုယ် စောင့်ရှောက်ကြတဲ့ အသိနဲ့ လုပ်တာကောင်းတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးတွေ လုပ်တဲ့အခါကျရင် ကျနော်တို့ လူသားချင်း မျိုးခွဲတာတို့၊ တန်းခွဲတာတို့၊ ခွဲခြားရေးတို့ ဖြစ်လာနိုင်တယ်။ ကျနော်တို့ နိုင်ငံထဲမှာရှိနေတဲ့လူမျိုးခြားတွေ အားလုံး ပေါင်းစည်းဖို့ လုပ်နေတဲ့အချိန်မှာ ကျနော်တို့က ဒါမျိုးကိုတော့ မလုပ်စေချင်ဘူးဗျာ။ ဒါက ကျနော့် တစ်ကိုယ်တည်း အမြင်ပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ သူတို့အနေနဲ့ သံဃာတွေ အဆိုပြုထားတဲ့ ဥပဒေမူကြမ်းကို အသေးစိတ်လေ့လာရဦးမယ်လို့ ပြောပါတယ်။

“ဥပဒေဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေ တင်ခွင့်ရှိတယ်ဆိုတာတော့ လွှတ်တော်မှာ ပြဌာန်းထားတာတော့ ရှိတာပေါ့နော်။ အဲဒီတော့ ဒါကို တင်မယ်ဆိုလို့ရှိရင်လည်း တင်လာတဲ့အခါကျတော့မှ အခုနက ပြောသလို ဥပဒေကို ဖတ်ရှုလေ့လာပြီးတော့မှ ဆွေးနွေးတာ ပိုကောင်းတာပေါ့။ ဆရာတော်၊ သံဃာတော်တွေရဲ့ဆန္ဒကလည်း ပြောလို့တော့ ရပါတယ်။ ဒါပေမဲ့ တင်လာတဲ့ဟာကိုလည်း ကြည့်ရမယ်။ နောက်တစ်ခုက တင်ခွင့်ရှိလား၊ မရှိလား၊ ဘယ်ဟာနဲ့တင်ရမလဲ။ ဒါလဲ ကျနော်တို့က ကြည့်ရအုံးမယ်လေ။”

တနေ့တုန်းက သံဃာတွေ ဆွေးနွေးပွဲအတွင်းမှာပဲ မျိုးစောင့်ဥပဒေကို လွှတ်တော်တွင်းဆွေးနွေးဖို့ တင်ပြမှာဖြစ်ပြီး အဲဒီအချိန် ကန့်ကွက်တဲ့ အမတ်တွေကို မှတ်သားထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးဖို့ ဒကာ ဒကာမတွေကို စည်းရုံးသွားမယ်ဆိုပြီး မော်လမြိုင် မြစေတီစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဦးဝိမလက မိန့်ကြားခဲ့ပါတယ်။ ဒီအခြေအနေဟာ နိုင်ငံရေးပါတီတွေ အတွက်တော့ တနည်းတဖုံ ဖိအားဖြစ်နိုင်တယ်လို့တော့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြင်ပါတယ်။

“မျိုးစောင့်ဥပဒေအပေါ်မှာ သိပ်အာရုံကျနေတဲ့အခါကျတော့ မျိုးစောင့်ဥပဒေကို ကန့်ကွက်လို့ရှိရင် ကန့်ကွက်တဲ့ပါတီတွေအဖို့တော့ ၂၀၁၅ မှာတော့ မဲမပေးအောင်လုပ်မယ်ဆိုတာကတော့ ဒါကတော့ ဖိအားလို့ ယူဆရင်လည်း ရတယ်ပေါ့လေ။ သူတို့ဆန္ဒကို ထုတ်ပြောတာလည်း ဖြစ်နိုင်တာပေါ့ဗျာ။ သံဃာရဲ့အစွမ်းကလည်း သိပ်ပြီးတော့ သေးတာမှ မဟုတ်ဘဲကိုး။ ဗုဒ္ဓဘာသာကို စောင့်ရှောက်ရင် ဒီလိုပဲ လုပ်ရမယ်ဆိုပီး ခပ်ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ဟန်တူပါတယ်။ တကယ်တန်းလုပ်မလုပ်ကတော့ ကျနော်တို့လည်း မသိဘူးပေါ့ဗျာ။ သံဃာက ဗုဒ္ဓဘာသာဝင်တွေအပေါ်မှာ သက်ရောက်မှု အားကြီးတာကတော့ ရှောင်လွဲှလို့မရဘူးဗျ။ ဒါကတော့ အမှန်တရားပဲ။”

ဦးခင်မောင်ဆွေကတော့ လူ့အခွင့်အရေးနဲ့ အခြားဘာသာတွေကို မထိပါးစေမယ့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်တဲ့ ဥပဒေမျိုးကို ပိုလိုလားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကလည်း မြန်မာနိုင်ငံမှာ ရှိပြီးသား လက်ထပ်ထိပ်ဖြားခွင်နဲ့ပတ်သက်လို့ မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပေးထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

“အမျိုးသမီးတွေ လက်ထပ်တာနဲ့ပတ်သက်လို့၊ နောက် အမွေဆက်ခံတာနဲ့ပတ်သက်လို့ ယခင် ပြဌာန်းတဲ့ ဥပဒေတွေရှိပြီးသားတွေလည်း ရှိပါတယ်။ ဥပဒေကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးကြည့်တဲ့အခါမှာလည်း အမျိုးသမီးတွေကို တော်တော်လေး အကာအကွယ်ပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အမွေဆက်ခံမှုနဲ့ပတ်သက်လို့။”

သံဃာတော်တွေ အဆိုပြုတဲ့ ဥပဒေကြမ်းနှစ်ရပ်ကတော့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းနဲ့ ကိုးကွယ်ရာဘာသာနဲ့ ပတ်သက်တဲ့ မှတ်ပုံတင် ဥပဒေကြမ်းတွေ ဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းတွေကတော့ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မယ့်သူဟာ တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ ဆိုထားပါတယ်။ ဒါမှမဟုတ် လက်ထပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရှိရမယ်လို့ ဆိုရပါတယ်။ ဒါကို မလိုက်နာရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမယ်ဆိုပြီး ပြစ်ဒဏ်ကိုပါ တပါတည်း အဆိုပြုထားပါတယ်။
XS
SM
MD
LG