သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဲဆွယ်မှု နိုင်ငံပိုင် မီဒီယာတွေမှာ ခွင့်ပြုမည်


နိုင်ငံပိုင်မီဒီယာကတဆင့် မဲဆွယ် ခွင့်ပြုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက် ။
နိုင်ငံပိုင်မီဒီယာကတဆင့် မဲဆွယ် ခွင့်ပြုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက် ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ပါတီများ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်များ ဟောပြောတင်ပြခွင့်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်ဟာ အရင်ရွေးကောက်ပွဲတွေကအတိုင်း လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝေဖန်လိုက်ပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆို လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်သံတွေပေါ်လာမှာ ဖြစ်နိုင်မယ်လို့လည်း သုံးသပ်ပါတယ်။ ဒီကြေညာချက်အပေါ် အခြားနိုင်ငံရေးပါတီအချို့နဲ့ သုံးသပ်သူတွေရဲ့ အမြင်သဘောထားကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးနိုင်ဖို့ ပါတီရဲ့ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တွေ ကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ် ကနေ ရွေးကောက်ပွဲ မစတင်မီ ရက် ၆၀အလို နောက်လ ၈ရက်နေ့က စတင် ဟောပြောဖို့ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပါတီတွေအနေနဲ့ ရေဒီယိုနဲ့ ရုပ်သံမှာ ဟောပြောမယ်ဆိုရင် သက်ဆိုင်ရာ ပါတီ ဥက္ကဌ ဒါမှမဟုတ် အတွင်းရေးမှုးတွေက ၇ရက် ကြိုတင်ပြီးဟောပြောမယ့် စာမူကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ ဒီစာမူတွေကို ခွင့်ပြုတာ၊ ပယ်ချတာ ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ် လို့လည်း ကြေညာချက်မှာ ဖော်ပြပါ တယ်။

ဒီလို စိစစ်ဆောင်ရွက်မယ့်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ဝေဖန်လိုက်ပါတယ်။

" လွတ်လပ်တဲ့ ပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲအတွက် မိမိစိတ်တိုင်းကျ ပြောခွင့် ဆိုခွင့် မရှိဘူး။ ဒီလိုအခြေအနေက လွတ်လပ်မှုလည်း မရှိဘူး။ တရားမျှတမှုလည်း မရှိဘူး။ ဟောပြောတဲ့ ပါတီ ပုဂ္ဂိုလ်တွေဟာ မိမိတာဝန် မိမိယူပြီး ပြောမှာပေါ့ဗျာ။ ဆိုလိုတာက ဥပဒေနဲ့ညိစွန်းတာပြောမိရင် ကိုယ်ခံပေါ့။ ဥပဒေနဲ့ မညိစွန်းဘူးဆိုရင် လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ရှိရမယ်လို့ ကျနော်တို့ အဲ့လိုယုံကြည်ပါတယ်။ ဒီဥစ္စာက UEC ( Union Election Commission) က တောက်လျောက်ကျင့်သုံးခဲ့တဲ့ အရင်မူတွေနဲ့ အတူတူပါပဲ။"

ဒီအခြေအနေဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်သံတွေပေါ်ပေါက် လာမှသာ ပြောင်းလဲနိုင်မယ် လည်း သုံးသပ် ပါတယ်။

"ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်တဲ့ လွတ်လပ်တယ်ဆိုတာ အစိုးရနဲ့ ချိတ်တွဲခြင်းမရှိတဲ့ ပုဂ္ဂလိက တယ်လီဗေးရှင်းဌာနတွေ ထွန်းကားတာတဲ့အခါကျမှ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ မျှော်လင့်လို့ရမယ်ထင်ပါတယ်။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပါတီက အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်က UEC ရဲ့ ကြေညာချက် အပေါ် ပြောဆိုတာက--

"ဒီဟောပြောမယ့် အချက်တွေက နှစ်ကြိမ် ဟောပြောခွင့်ပေးမယ်။ (၁၅) မိနစ် ဟောပြောခွင့်ပေးမယ်။ ပါတီတွေကိုလည်း သူက ရက်တွေ သတ်မှတ်ပေးထားတာ ရှိတယ်ဗျ။ UEC က စိစစ်မယ်ဆိုတာက အဲ့လောက်အထိက ကိစ္စမရှိပါဘူး။ အခုဟာက ပြန်ကြားရေးမှာပါ စိစစ်မယ်ဆိုတော့ တော်တော်တော့ ကျန်တော်တို့က စိတ်ပျက်သွားတယ်။ အမှန်ကတော့ ပြန်ကြားရေးနဲ့ ဆိုင်လို့လားဗျာ..။ ပြန်ကြားရေးအထိဆိုတော့လည်း ဒီအပေါ်မှာ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ ပြောမယ်ဆိုရင်တော့။"

ဒီသတ်မှတ်ချက်ကို UECက နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းပြီး သတ်မှတ်တယ် ဆိုရင်တော့ ပိုကောင်းနိုင်မယ် လို့လည်း ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟောပြောခွင့်ရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ထိခိုက်တာ ဘာညာ ပြောတာ လုပ်လို့ရတာရှိမယ်။ သို့သော် ရုပ်မြင်သံကြား အနေနဲ့ကတော့ သူက Control ရှိရမယ်။ ကျနော်တို့ဆီမှာက အစိုးရကပဲ ထားတာ။ ပုဂ္ဂလိကရုပ်မြင်သံကြားတွေ မရှိသေးဘူး။ တချို့လည်း နည်းနည်းပါးပါး ဖက်စပ် ပေါ်လာတာတော့ရှိပါတယ်။ ဒီမှာလည်း ပြောတာ ဆိုတာ လုပ်နေတာတော့ရှိတယ်။ အခုဟာက အစိုးရ ရုပ်မြင်သံကြားဖြစ်တဲ့အတွက် သူ့ ပြန်ကြားရေးပေါ်လစီနဲ့ပတ်သက်တဲ့ကိစ္စနဲ့ အကျုံးဝင်တဲ့ ကိစ္စရပ်တွေပဲ ပြောလို့ရတဲ့အနေအထား ရှိပါမယ်။ ဒါကြောင့် Step by Step တွန်းသွားရမယ့် အနေအထားရှိမယ်လို့ ကျနော် ထင်ပါတယ်။

မြန်မာ့စာနယ်ဇင်းကောင်စီ(ယာယီ)က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ အခုလို သုံးသပ်ပါတယ်။

"အတိုချုံးပြောရင် ဒါ ဆင်ဆာလုပ်တဲ့ဟာပဲ။ ဒါကတော့ မဖြစ်သင့်ဘူး။ အမှန်ကတော့ ထုတ်လွှင့်မှုတွေမှာ ဥပဒေနဲ့မညီတဲ့ဟာတွေရှိရင် အဲ့ဒီ့နိုင်ငံရေးပါတီတွေကို ဥပဒေအရ အရေးယူပြောဆိုဆောင်ရွက်တာတို့ အဲ့တာမျိုးတွေ လုပ်လို့ရတယ်။ လှုံ့ဆော်တာမျိုးတို့ လူမျိုးရေး ဘာသာရေး စည်းရုံးတာမျိုး အဲ့တာမျိုး လုပ်ခဲ့လို့ရှိရင် အဲ့ဒီ့ပြောဆိုတဲ့ပါတီကို ဥပဒေအရ အရေးယူပေါ့နော်။ အဲ့လိုမဟုတ်ပဲနဲ့ အားလုံးကို ဆင်ဆာ စနစ်နဲ့ဆိုတော့ တခါတလေမှာ တချို့စကားလုံးပြောင်းခိုင်းတာတို့ အဲ့တာကလည်း မလိုအပ်ပဲနဲ့ နိုင်ငံရေးပါတီတွေကို ဆင်ဆာလုပ်နေတယ် လို့မြင်ပါတယ်။ အရင်တုန်းကလည်း အဲ့တာမျိုး ၂၀၁၀ လည်း လုပ်ခဲ့တယ်။ ဟိုး ၉၀မှာလည်း လုပ်ခဲ့တယ်။ အခုလည်း ဒီအချိန်မှာလည်း အဲ့ဒီ့အတိုင်းပဲ လုပ်နေသေးတယ်။ တိုးတက်မလာသေးဘူးဆိုတဲ့သဘောပါပဲ။"

နိုင်ငံရေးပါတီတွေအနေနဲ့ ဟောပြောရမှာ လိုက်နာရမယ့် အချက်တွေထဲမှာတော့ တို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဖို့၊ နိုင်ငံတော်နဲ့ တပ်မတော်ကို မထိခိုက်စေဖို့၊ ဘာသာရေး လူမျိုးရေး ပုဂ္ဂိုလ်ရေးအရ မထိခိုက်စေဖို့ စတဲ့တားမြစ်ချက် ၉ချက်ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/၂၀၁၄မှာ လည်း ကော်မရှင်က မဲဆွယ် စည်းရုံးခွင့်ကာလကို ရက် လျှော့ချသတ် မှတ်ခဲ့တာ၊ မဲဆွယ်စည်းရုံးတာကို သက်ဆိုင်ရာမဲဆန္ဒနယ်က ကိုယ်စားလှယ်ကိုသာ ခွင့်ပြုခဲ့တာနဲ့ ကြိုတင်ခွင့်ပြုချက်ရယူရမယ်ဆိုတဲ့ အချက်တွေပေါ်မှာလည်းဝေဖန်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG