သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် ပါတီ စည်းရုံးရေး အခက်ကြုံ


မဲပေးနည်းစနစ် သရုပ်ပြနေတဲ့ ရှမ်းပြည်သူ။ (၂၀၁၀)
မဲပေးနည်းစနစ် သရုပ်ပြနေတဲ့ ရှမ်းပြည်သူ။ (၂၀၁၀)

ရှမ်းပြည်နယ်အတွင်းမှာ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမှု ခက်ခဲမှုတွေကြုံနေရတယ် လို့ နိုင်ငံရေး ပါတီတွေဘက်က ပြောဆိုပါတယ်။ လုံခြုံရေးအရ မငြိမ်းချမ်းတဲ့ အတွက် မဲဆွယ်စည်းရုံးမှု မလုပ်နိုင်တာတွေရှိနေရပါတယ်။ ဒီလိုတွေကြုံတွေ့နေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဖြေရှင်းပေးမှုတွေလည်း အားနည်းနေတယ် လို့ပြောပါတယ်။ ဒီသတင်းကို တောင်ကြီးမြို့မှာ ကိုယ်တိုင်သတင်းယူနေတဲ့ မေခ ကပေးပို့ထားပါတယ်။

နယ်မြေမလုံခြုံမှုတွေကြောင့် မဲဆွယ်စည်းရုံးတာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ အခက်ခဲတွေ ရင်ဆိုင်နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တောင်ကြီးတာဝန်ခံ ဒေါ်ခင်မိုးမိုးကပြောပါတယ်။ ကြုံတွေ့နေရတဲ့ ခက်ခဲနေတာတွေနဲ့ ပတ်သတ်ပြီး သူက ခုလိုပြောပြတာပါ။

" စစ်ဆင်ရေးထိုးနေတဲ့ဒေသတွေ စစ်ကြောင်းထိုးနေတဲ့ဒေသတွေ အဲ့တာတွေက ရှမ်းပြည်အတွင်းမှာ နေရာများစွာမှာ ရှိပါတယ်။ ကျမတို့ရှမ်းပြည်နယ်အတွင်းမှာကို လွိုင်လင်ခရိုင် ၊ လင်းခေး ခရိုင်မှာကို တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ များစွာရှိပါတယ်။ အဲ့ဒီ့တော့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သွားရောက်စည်းရုံးရေးဆင်းဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါဘူး။ သူတို့ရဲ့မိသားစု၊ သူတို့ရဲ့ပတ်ဝန်းကျင် သူတို့ရဲ့ အိမ်ထောင်ဦးစီးတွေကအစ ဒီနေရာတွေကို သွားဖို့ကို ခွင့်မပြုဘူး။ မတိုက်တွန်းဘူး။ အားမပေးဘူး။ "

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က စက်တင်ဘာ ၁၆ရက်က နိုင်ငံရေးပါတီတွေကို သူတို့ရဲ့နယ်မြေတွေထဲမှာ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ဒီလိုတားမြစ်ခဲ့ပေမယ့် ဒီလ တစ်ရက်နေ့မှာတော့ ပါတီတွေအနေနဲ့စည်းရုံးရေး လုပ်ဆောင်မယ်ဆိုပါက သူတို့ရဲ့ဆက်ဆံရေးရုံးတွေကို တရားဝင် အကြောင်းကြားဖို့ ပြန်လည် စာထုတ်ခဲ့တယ် လို့ ဒေါ်ခင်မိုးမိုး ကပြောပါတယ်။ ပြန်လည် ထုတ်ပြန်ခဲ့တာနဲ့ပတ်သတ်ပြီး ဒေါ်ခင်မိုးမိုးက ခုလိုပြောပြပါတယ်။

"ဒါပေမဲ့ ရုပ်သိမ်းတယ်ဆိုတဲ့စာကိုတော့ ကျမတို့ ကိုယ်တိုင် မျက်ဝါးထင်ထင် မတွေ့ရသေးပါဘူး။ အဲ့တာတွေနဲ့ပတ်သက်လို့လည်း ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ဘာသာကို အန္တရာယ်ရှိတဲ့နေရာကို အသွားအလာဆင်ခြင်၊ သတိနဲ့သွားလာ အဲ့ဒီ့လိုမျိုးပဲ လုပ်နေရတာပါ။ တပ်မတော်ရဲ့အကူအညီလည်း မရပါဘူး။ ပြည်နယ်အစိုးရ ရဲ့အကူအညီလည်း မရပါဘူး။ ကော်မရှင်ရဲ့ အကူအညီလည်း မရပါဘူး။ "

လက်ရှိ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်ဟိန်း၊ ကျေးသီး၊ လဲချား၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ နမ့်ခမ်း၊ မိုင်းရယ်၊ တန့်ယန်း စတဲ့ဒေသတွေမှာတိုက်ပွဲတွေကြောင့် မဲဆွယ်စည်းရုံးဖို့ အခက်ခဲရှိနေတယ်လို့နိုင်ငံရေးပါတီတွေကပြောပါတယ်။ ဒီပြင် လမ်းပန်းဆက်သွယ်ရေး ပိုင်းမှာလည်း အခက်ခဲတွေရှိနေတဲ့ အတွက်လည်း မဲဆွယ်တာမှာခက်ခဲနေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါ တီက ကိုယ်စားလှယ်လောင်း မနန်းသန္တာဦး ကခုလိုပြောပါတယ်။

" လမ်းပမ်းဆက်သွယ်ရေးတွေက အရမ်းခက်ခဲတယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့လမ်းပမ်းဆက်သွယ်ရေး ခက်ခက်ခဲခဲ တချို့နေရာတွေဆို ကားတွေ ဆိုင်ကယ်တွေ သွားလို့မရတဲ့နေရာတွေမှာဆို လမ်းလျောက်ပြီးတော့ သွားရတဲ့ဒေသတွေလည်း ရှိတယ်။"

နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလိုအခက်ခဲတွေကြုံတွေ့နေရတဲ့ အပြင် ပြည်သူ လူထုတွေမှာ လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းနေ တာတွေလည်းကြုံတွေ့နေရ ပါတယ်။ ဒီပြင် အကြောက် တရားကြောင့် လည်း ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု အားနည်းနေတာ လည်းရှိတယ် လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါ တီက ကိုယ်စားလှယ်လောင်း ဒေါ်နန်းသန်းသန်းရွှေ က ခုလိုပြောပါ တယ်။

"စိတ်ဝင်စားမှုတော့ အားနည်းပါတယ်။ သို့သော်လည်းပဲ ၂၀၁၀ ထက်စာရင်တော့ အများကြီး စိတ်ဝင်စားလာပါတယ်။ ၂၀၁၀ တုန်းကဆိုရင် မဲပုံး မထောင်ပဲနဲ့ မိမိဆန္ဒ မပါပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရသွားတာရှိပါတယ်။ မိမိရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်လာတာလည်းရှိတယ်။ နောက်တခုက ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့အတွက် နည်းနည်းကြောက်စိတ်လည်းပဲ ရှိတယ်လို့ ကျမအနေနဲ့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဘက်အပိုင်းက နည်းနည်းလည်း ပညာတတ်လည်း နည်းတဲ့အတွက်ကြောင့် ဒါ သီးခြားခွဲပြီး မမြင်တတ်တဲ့အပိုင်းလည်းရှိတာပေါ့နော်။ "

ဒါတွေနဲ့ပတ်သတ်ပြီး တောင်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားမယ့်တာဝန်ခံဟာ အစည်းအဝေး လုပ်ဆောင်နေတာကြောင့် အချိန်မှီမဖြေကြားနိုင်ခဲ့ပါဘူး။ ရှမ်းပြည်နယ်မှာ မဲဆန္ဒရှင်အရေအတွက် ၃၁သိန်းကျော် ရှိပြီး မဲရုံပေါင်း ၃၄၀၀ကျော် ရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်းမှာ ပါတီပေါင်း ၃၀ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ် ပါတယ်။

XS
SM
MD
LG