သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး အပြောင်း အလဲအပေါ် နိုင်ငံရေးခေါင်းဆောင်တွေ အမြင်


ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်း
ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ရာထူးကဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်း

မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအာဏာရပါတီတွင်း အပြောင်း အလဲတွေကြောင့် ရွေးကောက်ပွဲ အပေါ် သက်ရောက် မှုဖြစ်လာမှာကို နိုင်ငံရေး ပါတီခေါင်းဆောင်တွေက စိုးရိမ်နေပါတယ်။ အဓိက ကတော့ အစိုးရ၊ စစ်တပ်နဲ့ အာဏာရပါတီက တပေါင်းတည်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိပါမလား ဆိုပြီး စိုးရိမ်တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးကပ်လာချိန်မှာ စစ်တပ်အတွင်းက ထိပ်ပိုင်း အရာရှိကြီးတွေ အပြောင်းအလဲနဲ့ အစိုးရအဖွဲ့အတွင်းက ဝန်ကြီး အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီး တဲ့ နောက်မှာ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအတွင်းမှာ ခေါင်းဆောင် အပြောင်းအလဲ ထပ်မံဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရဲထွန်းက အခုလို သုံးသပ်လိုက်ပါတယ်။

“ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိပါ့မလားပေါ့နော်။ အရင်အနေအထားအတိုင်းဆိုရင် ကျနော်တို့က ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်းတော်တော်များများ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ မျှော်လင့်နိုင်တာပေါ့။ အခုအနေအထားက ဘာနဲ့သွားတူလည်းဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က အနေအထားလို တပ်မတော်ပြည်ခိုင်ဖြိုးအစိုးရက တညီတညွတ်တည်း ဖြစ်သွားသလို ပုံစံမျိုး ပေါ်သွားတယ်။ တပ်မတော် ပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရအဖွဲ့က တပေါင်းတစည်းတည်းဖြစ်သွားတယ်။”

လတ်တလော ပြောင်းလဲသွားတဲ့ အာဏာရပါတီတွင်းက အခြေအနေကို ဦးရဲထွန်းက အခုလို ဆက်ပြော ပါတယ်။

“ ၁၂ရက်နေ့ မတိုင်ခင်က အနေအထားအတိုင်းဆိုရင် ပြည်ခိုင်ဖြိုးပါတီက တင်ချင်တဲ့ သမ္မတလောင်းက ဦးရွှေမန်းဖြစ်ပြီးတော့ တပ်မတော်က တင်ချင်တဲ့ သမ္မတလောင်းက ဦးသိန်းစိန်ဖြစ်နိုင်တယ်။ အဲ့တော့ တယောက်တည်းဖြစ်သွားဖို့အတွက် တပ်မတော်နဲ့ပြည်ခိုင်ဖြိုးက ပေါင်းစပ်နိုင်တဲ့ အနေအထားမရှိဘူး။ အခု ၁၂ရက်နေ့ နောက်ပိုင်း အခင်းအကျင်းအရဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက ပေါင်းစပ်နိုင်တဲ့ အနေအထားဖြစ်သွားပြီးတော့ ဘယ်သူကို သမ္မတဖြစ်ချင်သလဲ။ ဘယ်သူ့ကို သမ္မတဖြစ်စေချင်သလဲဆိုတာ ပြည်ခိုင်ဖြိုးက လွှတ်တော်ရဲ့ ၂၆% လွှတ်တော်ကိုယ်စားလှယ် ၆၆၀ ကျော်ရဲ့ ၂၆% မဲရမယ်ဆိုရင် တပ်မတော်ရဲ့ ၂၅% ပေါင်းပြီးတော့ သူတို့လိုချင်တဲ့ သမ္မတကို မုချ သူတို့ ရွေးနိုင်မယ့် အနေအထားရှိတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကတော့ ပြည်ခိုင်ဖြိုးပါတီတွင်း အပြောင်းအလဲအပေါ် အခုလို ဝေဖန်ထောက်ပြပါတယ်။

“ဒီမိုကရေစီနည်းကျလား မကျလား ပထမဆုံး အရင်မေးရမယ်။ ကျနော် မှန်းဆကြည့်တာတော့ ဒီမိုကရေစီနည်းကျတာ မဟုတ်ဘဲ သူတို့အရင်အတိုင်း လုပ်တဲ့ ဗဟိုဦးစီးစနစ်အတိုင်း လုပ်တယ်လို့ ယူဆရတယ်။ သူတို့ပါတီဟာ ဒီမိုကရေစီ နည်းမကျတဲ့အတွက်ကြောင့်မို့လို့ နောင်အနာဂတ်မှာ ပါတီရဲ့ခေါင်းဆောင် နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ချီတက်စရာအကြောင်းက အလှမ်းဝေးတယ်လို့ ကျနော်မြင်တယ်ခင်ဗျ။ အလားအလာ မကောင်းဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းအတွက် အလားအလာ မကောင်းဘူး။ မကောင်းတဲ့အစဉ်အလာတခု တည်ဆောက်တယ်လို့ ကျနော်တို့မြင်တယ်ခင်ဗျ။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖြစ်မှဖြစ်ပါ့မလား စိုးရိမ်ပူပင်မှုတွေဖြစ်တယ်။”

NLD ပါတီနဲ့ ဆက်ဆံရေးကောင်းတယ်လို့ အများကမြင်ကြတဲ့ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ကနေ အနားပေးလိုက်ပေမဲ့ NLD ပါတီအပေါ် တစုံတရာ သက်ရောက်မှုရှိမယ်လို့ မယူဆကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ပါတီဗဟိုကော်မတီဝင် ဦးဟန်ရွှေကတော့ အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးပါတီရဲ့သဘော သဘာဝအရကတော့ ဒီလိုပဲ ဖြစ်တတ်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ပါတီထဲမှာ ပါတီတွင်း ဒီမိုကရေစီ ရှင်ရှင်သန်သန် ကျင့်သုံးနိုင်လို့ရှိရင် နောက်တခါ စည်းရုံးရေးလုပ်တဲ့အခါမှာ လည်း ပါတီအတွက် စည်းရုံးတာမျိုး မဟုတ်ဘဲ တလက်ကိုင်စည်းရုံးတာမျိုးတွေ ရှိရင်လည်းပဲ ဒါကတော့ဖြစ်တတ်တဲ့ သဘာဝက ရှိပါတယ်။ သို့သော် ကျနော်တို့ကတော့ ပါတီတခုတည်းနဲ့မကြည့်ဘဲနဲ့ တိုင်းပြည်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ တိုင်းပြည်အတွက်ကတော့ ဒါဟာ အနှုတ်လက္ခဏာလို့ပဲ ကျနော့်အနေနဲ့ကတော့ ပြောချင်ပါတယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ စစ်တပ်က ထိပ်ပိုင်းအရာရှိကြီးတွေနဲ့ ဦးဆောင်ဖွဲ့စည်း ထားတဲ့ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်အများစု အနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

XS
SM
MD
LG