သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းစိစစ်ရေး မဖျက်သင့်ကြောင်း ဝေဖန်မှု


အင်းစိန်အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေများ။
အင်းစိန်အကျဉ်းထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေနဲ့ မိတ်ဆွေများ။

နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေးကော်မတီကို ဖျက်သိမ်းတော့မယ်လို့ သတင်းတွေထွက်ပေါ်လာအပြီးမှာပဲ ဒီကော်မတီကို အမှန်တကယ် ဖျက်သိမ်းမယ်ဆိုရင် လက်ကျန် နိုင်ငံရေးအကျဉ်းသားတွကို အကုန် ပြန်လွှတ်ပြီး မှ ဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းက မြင်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့ဘူးပြောနေပေမယ့် တကယ်တမ်း နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေးကော်မတီကို မကြာခင် ဖျက်သိမ်းတော့မယ်လို့ သတင်းတွေ ထွက်လာသလို ဒီကော်မတီရဲ့အတွင်းရေးမှူးလည်းဖြစ်၊ သမ္မတရုံး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်သိန်းကလည်း ဒီအကြောင်း သတင်းဌာနအချို့ကို အတည်ပြုပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေသူတွေကတော့ ဒီကော်မတီကို ဖျက်ဖို့ မသင့်သေးဘူးလို့ မြင်ကြပါတယ်။

အကျဉ်းထောင်ထဲရှိနေဆဲ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီးမှသာ ဒီကော်မတီကို ဖျက်သိမ်းသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP ရဲ့ပြောခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။

“နိုင်ကျဉ်းကော်မတီကို ဖျက်မယ့်အပေါ်မှာတော့ သူတို့ဘက်က တရားဝင်ပြောတာမဟုတ်သေးတဲ့အတွက်ကြောင့် ကျနော်တို့က ဘာမှ ပြောစရာမရှိဘူး၊ ဖျက်မယ်ဆိုရင်လည်း ၂၀၁၃ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သေချာပေါက် လွှတ်ကို လွှတ်ပေးရမယ်ဗျ။ လွှတ်ပေးလိုက်မှပဲ ဒီကော်မတီဖျက်တာ နည်းနည်း အဓိပ္ပာယ်ရှိမယ်။ ကော်မတီစဖွဲ့ကတည်းက ၂၀၁၄ ထဲက ကိစ္စတွေ မပါဘူးပေါ့ဗျာ။ ၂၀၁၄ ထဲမှာ အကျဉ်းချခံရတဲ့၊ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ကျနော်တို့ကတော့ ကျနော်တို့နည်း၊ ကျနော်တို့ဟန်တွေနဲ့ လွတ်မြောက်အောင် ဆက်ပြီးတော့ ကြိုးစားသွားမှာပဲလေ။”

ဒီကော်မတီဟာ သမ္မတဦးသိန်းစိန်ရဲ့အမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တဲ့ ကော်မတီတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် အထိသာ အသက်ဝင်တာကြောင့် ၂၀၁၄ ခုနှစ်အတွင်း ထပ်တိုးလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်နိုင်ဖို့ ဒီကော်မတီကို မဖျက်သိမ်းဘဲ နာမည်ပြောင်းပြီး လုပ်ပိုင်ခွင့် ထပ်တိုးဖို့ တင်ပြထားတာတွေ ရှိတယ်လို့ ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်သူလည်း ဖြစ်၊ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သလို နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေတဲ့ ဦးရဲအောင်က ဗွီအိုအေကို ပြောပါတယ်။

“နိုင်ကျဉ်းကော်မတီဖျက်မယ်ဆိုရင်တော့ ဒါကတော့ - အစိုးရက - သမ္မတက ဖွဲ့ပေးထားတာလေ၊ ဖွဲ့ပေးထားတာဖြစ်တဲ့အတွက် သူတို့ ဖျက်မယ် ဆိုရင်လည်း -- အဖွဲ့အစည်းတခုကို ဖျက်တာပေါ့နော်၊ ကျနော်တို့ကတော့ ဒိထက်ပိုပြီး ပြောလို့မရဘူး။ ဒါပေမယ့် နောက်တခုကလည်း နိုင်ကျဉ်း ကော်မတီအနေနဲ့က သူလည်းသိနေတာပဲ။ ဒီသတ်မှတ်ပေးထားတာက ၂၀၁၃ နဲ့ ရှေ့ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ပဲဖြစ်တယ်ဆိုတဲ့ မှတ်ချက်ရှိပါတယ်။ အဲဒီသတ်မှတ်ချက်ရှိတဲ့အတွက် ကျနော်တို့က ဒီကော်မတီတခု၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ ဆက်အလုပ်လုပ်ဖို့ ကော်မတီတစ်ခု ရှိဖို့လိုအပ်တယ်ဆိုရင်တောင်မှ ဒီကော်မတီကို ဒီခေါင်းစဉ်တွေအရ ပြောင်းပေးဖို့ ကျနော်တို့က ပြောထားတာရှိပါတယ်ဗျ။ ဒီ ကော်မတီ ခေါင်းစဉ်အရဆိုရင် ၂၀၁၄ မှာကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ ဘာမှ ဆောင်ရွက်လို့ မရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။”

နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေအရ ၂၀၁၃ ခုနှစ်မှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၂၉ ဦး ကျန်ခဲ့ပြီးတော့ ၂၀၁၄ မှာ နိုင်ငံရေးလုပ်လို့ ထောင်ကျသူတွေ ထပ်ရှိလာတဲ့အတွက် စုစုပေါင်း ၈၀ နီးပါး နိုင်ငံရေးအကျဉ်းသားအဖြစ် ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အစိုးရအာဏာပိုင်တွေဘက်ကတော့ မြန်မာနိုင်ငံရဲ့ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ဘူးဆိုပြီး ပြောဆိုလာတာပါ။ ဒီအချက် နဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးချယ်ရေး ကော်မတီထဲမှာလည်း အစိုးရဘက်က အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တွေအကြား သဘောထားကွဲလွဲမှုတွေလည်း ရှိနေတယ်လို့ ဦးရဲအောင်ကပြောပါတယ်။

“ဥပမာအားဖြင့်ပေ့ါဗျာ- သူတို့က ဗိုလ်မှူးဝင်းနိုင်ကျော်လို ကေ့စ်မျိုးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်။ သူတို့က ဒါ နိုင်ငံရေး အကျဉ်းသားမဟုတ်ဘူး၊ ဒါက ရာဇဝတ်မှုပဲဖြစ်တယ်။ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်တာပဲ ဖြစ်တယ်၊ သတင်းရောင်းစားတာပဲ ဖြစ်တယ်။ ဒါမျိုးတွေကို သူတို့က သတ်မှတ်ထားတယ်ပေါ့ဗျာ။ အဲဒီထဲမှာ ကော်မတီထဲမှာ အားလုံး တူညီတဲ့အဖြေတစ်ခု မရဘူးဖြစ်နေတာပါ။”

အခုအောက်တိုဘာလအတွင်းမှာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားပေါင်း ၃,၀၀၀ ကျော်ကို မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ အခုလွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရသူ တစ်ဦးသာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောဆိုပါတယ်ခင်ဗျား။

XS
SM
MD
LG