သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား အားလုံး ၂၀၁၃ နှစ်ကုန် ပြန်လွှတ်ပေးဖို့ HRW တောင်းဆို


မြန်မာနိုင်ငံမှာ အခုနှစ် ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေမယ်လို့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ကတိကဝတ်အတိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ဒီနှစ်အကုန် ပြန်လွှတ်ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုပါတယ်။

အခုနှစ်အတွင်း နိုင်ငံရေးမှုတွေနဲ့ စွဲဆိုခြင်းခံခဲ့ရတဲ့ လူပေါင်း ၂၀၀ ကျော် ကိုလည်း ဒီအထဲ လွှွတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအတော်များများ လွှတ်ပေးခဲ့တာ ရှိပေမယ့် အားလုံးတော့ မပြီးပြတ်သေးဘူးလို့ HRW အာရှ ဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းက ဖမ်းခံခဲ့ရတဲ့ တတ်ကြွလှုပ်ရှားသူတွေအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ဒီနှစ်အကုန်နောက်ဆုံးထား လွှတ်ပေးဖို့ HRW က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွှွတ်နိုင်ဖို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဆိုပြီး သမ္မတဦးသိန်းစိန် လက်မှတ်ထိုး ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မတီရဲ့ နောက်ဆုံး နိုင်ငံရေးအကျဉ်းသား လက်ကျန်စာရင်းကို သမ္မတထံ ပြုစုတင်ပြပြီးရင် အချိန်မဆိုင်းဘဲ အားလုံးကို လွှတ်ပေးသွားဖို့ရှိတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

ကော်မတီရဲ့ လက်ကျန်စာရင်းမှာတော့ လက်ရှိအားဖြင့် ၃၈ ဦးကို စီစစ်နေပြီး အမှုရင်ဆိုင်နေရသူကတော့ ၂၀၀ ကျော်ရှိတယ်လို့ ကော်မတီအဖွဲ့ဝင် တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ကိုဘိုကြည်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီး ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်း စစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့မှာ ကော်မတီဝင်တွေကို နောက်ဆုံး တိုးချဲ့ပြင်ဆင်ခဲ့ပါတယ်။
XS
SM
MD
LG