သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းတွေ ချက်ချင်း လွှတ်နိုင်တာ အားတက်ဖွယ်


မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာခဲ့တဲ့နောက် ရက်ပိုင်း အတွင်းမှာပဲ တိုးတက်မှုတွေ တွေ့ရတယ် လို့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆိုင်ရာ အမေရိကန် အခြေစိုက် Carnegie Endowment အဖွဲ့က သုတေသီတွေက ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်ရေးနဲ့ ပါတ်သက်ပြီး အများလက်ညိုးထိုးစရာ ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပါတ်သက်ပြီး သူတို့ကို လွှတ်ပေးမယ်ဆိုတာ သိနေပေမယ့် အခုလောက်မြန်မြန် လွတ်မြောက်လာမယ်လို့ ဘယ်သူကမှ ထင်မထားကြဘူးလို့ ဆိုပါတယ်။ ဒီကိစ္စမှာ မမျှော်လင့်ပဲ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်တာ ကို တွေ့ရတဲ့ အတွက် မြန်မာ့အနာဂါတ်အတွက် အားတက်မိတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဧပြီလ တရက်နေ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း တွေ့ရတဲ့ အဓိကတိုးတက်မှုဟာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ပထမဆုံး စပြီးလုပ်ဆောင်ခဲ့တာလို့ Carnegie Endowment အဖွဲ့က အာရှရေးရာ သုတေသီ Vikram Nehru ကပြောပါတယ်။

"NLD အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အချိန်တိုအတွင်းမှာ ဒီလောက်မြန်မြန်လွှတ်ပေးခဲ့တာဟာ သိပ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ ဒီလောက်မြန်မြန်လွတ်လာမယ်လို့ ဘယ်သူကမှ ထင်မထားပါဘူး။ ဧပြီလ ၉ ရက်နေ့ကစပြီး ၁၁၃ ယောက်လွှတ်ပေးတယ်။ မကြာခင်မှာပဲ ၈၃ ယောက် ထပ်ပြီး လွှတ်ပေးတယ်။ အခုလည်း နောက်ထပ်ပြီး လွှတ်ပေးဖို့ ကြိုးစားနေတာ တွေ့ရပြီး ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ၊ မြေယာ အသိမ်းခံရလို့ ဆန္ဒထုတ်ဖေါ်သူတွေအတွက်ပါ လုပ်နေတာမို့ အခုလောက် မြန်မြန်လုပ်နေတာ အတွက် သိပ်အားတက်ဖို့ ကောင်းပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးကို စတင်ယူလိုက်ချိန်မှာ ပထမဆုံး ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသား တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောဆိုလိုက်ပြီး ချက်ချင်းအရေးပဲ ယူဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် လက်ကျန် နိုင်ငံရေးအကျဉ်းသား အားလုံးရဲ့ အမှုတွေ အားလုံးကို အပြီးသတ် ရုတ်သိမ်းနိုင်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာနက စတင် စီစစ်နေပြီး လွှတ်ပေးဖို့စီစစ်နေသူ ၂၀၀ လောက်ရှိတယ်လို့ သမ္မတရုံးဝန်ကြီးဌာနက VOA ကို ပြောပါတယ်။

အကျဉ်းကျနေရာက လွတ်မြောက်လာတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို တရားလို အဖြစ်နဲ့ တရားစွဲဆိုထားတဲ့ ရဲတပ်ဖွဲ့တွေက ရုတ်သိမ်းပေးခဲ့တဲ့အပြင် အခုလို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီရေး အနာဂါတ်အတွက် အားတက်မိတယ်လို့ ပြောပါတယ်။

"ဒါဟာ တကယ် အားတက်ဖို့ကောင်းပါတယ်။ မြန်မာရဲတပ်ဖွဲ့ကနေ ဒီအကျဉ်းသားတွေရဲ့ အမှုတွေကို ရုတ်သိမ်းပေးတာပါ။ ဒီအချက်က ဘာကို ပြသလဲ ဆိုတော့ ရဲတပ်ဖွဲ့ကို ကွပ်ကဲတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို ကိုင်တွယ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက စစ်တပ်က ခန့်ထားတဲ့ သူပါ။ သူက အစိုးရအဖွဲ့ကို ပူးပေါင်း ဆောင်ရွက်ခဲ့တာပါ။ ဒါဟာ သိပ်ကို အားတက်စရာကောင်းတဲ့ လက္ခဏာပါ။"

မြန်မာနိုင်ငံမှာ အရင်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ အပစ်ရပ်ရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် အခုထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွါးနေဆဲပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် က တချို့တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးပေးမယ် ဆိုတဲ့ပြောဆိုမှုတွေ နဲ့ ပါတ်သက်ပြီး မစ္စတာ Nehru ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

"ဒါဟာ ကြေညာချက်ပဲ ရှိပါသေးတယ်။ အခုထိတော့ လက်တွေ ဘာမှ ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။ အဲဒါအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ အပစ်ခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ ပန်ကြားမှုတွေ မတွေ့ရသေးပါဘူး။ ဒါဟာ သူ့စိတ်ထဲက ခံယူထားမှုကို ထုတ်ပြောတာမျိုးမို့ ကောင်းပါတယ်။ ဒါဟာ မှန်ကန်တဲ့ ပြောကြားမှုပါ။ ဘာလို့လည်း ဆိုတော့ အခုချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်ဆိုင်းနေတာမို့ ဒါကို ပြန်ပြီး ရှင်သန်အောင် လုပ်ပေးရမှာပါ။"

အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်မှာ တိုင်းရင်းသား တွေကို ထိပ်တန်းနေရာတွေ ပေးပြီး ကိုင်တွယ်နေတာမို့ ရှေ့လုပ်ဆောင်မှုတွေဟာ စိတ်ဝင်စားစရာ ဖြစ်နေတယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ရိုက်ခတ်မှု ရှိနေတဲ့ ရိုဟင်ဂျာအရေးနဲ့ ပါတ်သက်လို့တော့ အခုထိ ဘာမှ တိုက်ရိုက်ပြောဆိုတာမျိုး မရှိသေးတာ တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲနိုင်ဖို့ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတာပါ။မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်မယ်လို့ ပြောတာနဲ့ ပါတ်သက်ပြီး မစ္စတာ Nehru က ဘယ်လိုနားလည် ထားပါသလဲ။

"သူဆိုလိုချင်တာနဲ့ ပါတ်သက်ပြီး ၂ ခုတွေ့ရပါတယ်။ ပထမအချက်က သူ့ကို သမ္မတ မဖြစ်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) ကို ဖယ်ရှားဖို့ပါ။ နောက်တခုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ နေရာ ၂၅ % ကို စစ်တပ်က ယူထားတာအတွက် လျှော့ချဖို့ပါ။ ဒါဟာ မဖြစ်နိုင်တာကို တွေ့လာရတဲ့ အခါမှာ သူက ဒါကိုသိပ်မပြောတော့ပဲ NLD အစိုးရ အာဏာလွှဲပြောင်း ရယူရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဧပြီလ ၁ ရက် NLD အစိုးရ တက်လာတဲ့ အခါမှာ ဒီကိစ္စကို လုံးဝဘေးဖယ် ထားလိုက်ပြီး အရပ်သား အစိုးရ ဦးဆောင်နေတယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ဒါ့ကြောင့် ရှေ့ဆက် ဘယ်လို စခန်းသွားမယ် ဆိုတာကို စောင့်ကြည့်ရမှာပါ။ အခုထိတော့ သူ့ရဲ့ လှုပ်ရှားမှုက မြန်ဆန်လှ သလို ရှေ့ဆက်သွားနေတာပါ။ မျှော်လင့်မထားပဲ သိပ်ကို လျှင်မြန်နေပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းမကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာနဲ့ တိုင်းရင်းသား ပြဿနာတွေ အပြင် အရေးအကြီးဆုံးက စီးပွါးရေးတိုးတက်ဖို့ လုပ်ရမှာမို့ ဒီစီးပွါးရေးကဏ္ဍကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာကိုလည်း စောင့်ကြည့် ရမှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG