သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်


ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်များ။
ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်များ။
နိုင်ငံတော်သမ္မတရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသားတချို့လည်း ထပ်မံ လွတ်မြောက်လာပါတယ်။ အမှုရင်ဆိုင်နေရဆဲ လူပေါင်း ၁၀၀ ကျော်တို့ဟာလည်း ချုပ်နှောင်ခံထားရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ နောက်ထပ် အကျဉ်းသားတွေ လွတ်မြောက်ဦးမယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တွေကလည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြန်လွတ်လာတဲ့ အကျဉ်သားတွေထဲက နိုင်ငံရေးအကျဉ်းသား ၅ ဦးသာ လွတ်မြောက်လာသေးကြောင်း၊ ပုဒ်မ ၁၈ ခွင့်ပြုမိန့်မရဘဲ စီတန်းလမ်းလျှောက်မှု၊ ၅၀၅ (ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခံထားရသူများကတော့ ၁၃၀ ခန့် ပြန်လွတ်လာကြောင်းကို နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသက်ဦးက ပြောပြပါတယ်။

“အခုလွတ်လာတာက အကုန်လုံး စာရင်းအရ ၅ ယောက်ပဲ။ တောင်ကြီးထောင်က ၂ ယောက်၊ အင်းစိန်ထောင်က ၂ ယောက်၊ မော်လမြိုင်ထောင်က ၁ ယောက်၊ ပေါင်း ၅ ယောက်။ ဒါပေမဲ့ အခု ၃၅ ယောက်ကျန်တယ် ထောင်ထဲမှာ။ ၅၀၅ (ခ) နဲ့ ဥစ္စာက သူက အယောက် ၁၃၀ နီးပါး လွတ်တယ်။ အဲ့ဒါကိုကျတော့ ကျနော်တို့က စာရင်းနှစ်ခုခွဲထားတယ်။ အချုပ်နဲ့ အမှုရင်ဆိုင်ဆဲဆိုတဲ့ စာရင်းက အယောက် ၂၀၀ နီးပါးရှိတယ်။ အဲ့ဒီကနေ သူက ၁၃၀ လောက် လွတ်တယ်။ ၇၀ လောက် ကျန်နေခဲ့တယ်။ ကျန်နေခဲ့တယ်ဆိုတာက ဘာကြောင့် ကျန်သလဲဆိုတော့ အခု ပယ်ဖျက်တယ်ဆိုတဲ့ ဥစ္စာက ၅၀၅ နဲ့ ပုဒ်မ ၁၈ ပေါ့။ အဲ့ဒီထဲမှာမပါဘဲနဲ့ တခြားပုဒ်မနဲ့ စွဲထားတာဆိုရင် သူက အဲ့ဒီပုဒ်မအရ ကျန်တာဖြစ်တယ်။ ဥပမာ - ၄၄၇ ပေါ့ လယ်သမားတွေ ဒါမျိုးတွေ ကျန်တယ်။ အဲ့ဒီ ၄၄၇ တပ်တဲ့ အများစုက ဧရာဝတီတိုင်းမှာ လယ်သမားတွေနဲ့ ပတ်သက်တဲ့ဥစ္စာကို တပ်တာ။ နိုင်ငံတော်သမ္မတကနေ ပြဌာန်းထားတဲ့ ပုဒ်မ ၆ ခု ဥစ္စာသမားတွေက ပြုတ်သွားပြီးတော့ အဲ့ဒါတွေနဲ့ တွဲထားတဲ့ ပုဒ်မတွေရဲ့ အကျိုးခံစားခွင့်မရဘဲနဲ့ သူတို့က ထောင်ထဲမှာ ဆက်နေရတယ်။”

နောက်ထပ် ကျန်နေတဲ့ အကျဉ်းသားတွေကိုတော့ ဇန်နဝါရီလ ပထမအပတ်ထဲမှာပဲ ပြန်လွှတ်ပေးဖို့ တင်ပြထားတယ်လို့လည်း ကိုသက်ဦးက ဆက်ပြောပြပါတယ်။

“ပြောထားတာရှိတယ်။ အဲ့ဒါကို ကျနော်တို့က အခု ဇန်နဝါရီလ ပထမအပတ်မှာ လွတ်လာမယ်လို့ မျှော်လင့်ထားတယ်။ စောင့်ကြည့်နေပြီးတော့ ကျနော်တို့ နိုင်စစ်ကော်မတီမှာ နိုင်စစ်ကော်မတီက ဖျက်တော့မဖျက်သေးဘူး။ အဲ့ဒီမှာ ဆက်လက်ပြီးတော့ ဥပမာ ကျန်နေခဲ့ဦးမယ်ဆိုရင် ဒါတွေကို ဆက်လက်တင်ပြပြီးတော့ တောင်းရမှာပဲ။”

လယ်ယာမြေ အသိမ်းခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေထဲက မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟံဇားရဲစခန်းပိုင် လယ်မြေအတွင်း ထွန်းတုံးတိုက်ပွဲ ဆင်နွဲှခဲ့တာကြောင့်ဆိုပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ၃ လ ချခံထားရတဲ့ ရမည်းသင်းလူမှုကွန်ရက်က မသန္တာအောင် အပါအဝင် ၃ ဦးနဲ့ နေပြည်တော် ဝဲကြီးကျေးရွာက ရွာသား ၂၁ ဦးကတော့ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ဆိုပါတယ်။

“သူတို့ကလည်း မလွတ်လာဘူး။ အဲ့ဒီအမျိုးသမီးက အခြေအနေ တော်တော်ဆိုးတယ် ကျန်းမာရေး။ မသန္တာအောင်တဲ့။ သူက ၅၀၅ (ခ)၊ (ဂ) ၁၄၃ ရယ် ၂ နှစ်မှာ။ ၆-၁ က တနှစ် ပြီးတော့ ၁၈၉ ဆိုတဲ့ဟာက ၃ လ၊ အဲ့ဒီကနေမှ သူတို့နဲ့အတူသွားပြီး ကူညီတဲ့သူရှိသေးတယ် တောင်ငူ NLD ကပဲ အဲ့ဒီလူနာမည်က ကိုမင်းဆွေတဲ့ သူက ၂ နှစ်နဲ့ ၃ လ။ အဲ့ဒီမှာ သူတို့နဲ့အတူ လယ်သမား ဦးဘိုဆိုတာ ဝင်ကူညီတာပေါ့နော် သူတို့လည်း သူတို့ လယ်မြေကိစ္စဆိုတော့ သူတို့လည်း ဝင်လုပ်တော့ အဲ့ဒီလယ်သမားက ၆ လ။ မလွတ်လာသေးဘူးတဲ့ အဲ့ဒါ။ လွှတ်ချင်ရင်တော့ လွှတ်ပေးလို့ရပြီပေါ့။ သူတို့ကတော့ ပြန်ပြောရင် ထောင်ကျပြီးသားပေါ့။ ကိုဇော်လတ်တို့ကတော့ အမှု ရင်ဆိုင်နေရဆဲပေါ့။”

ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ထိန်းသိမ်းခံထားရတဲ့ စစ်ထောက်လှမ်းရေးဟောင်း တွေထဲက တချို့ပြန်လွတ်ပေးတယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ကိုသက်ဦး ပြောပြတာက -

“ဒီနေ့ လွတ်တယ်လို့ သတင်းတော့ကြားတယ်။ ဒါပေမဲ့ Confirm တော့ မဖြစ်သေးဘူး။ ဒီနေ့ လွတ်တယ်ဆိုတာက ဒီလိုပါ။ အနည်းအကျဉ်းလွတ်တယ်လို့ကြားတယ်။ ဒီကိစ္စက တိတိကျကျ ဘာမှ ထပ်မဝင်လာဘူး။”

သမ္မတဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စတဲ့ အမည်တွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ၁၅ ကြိမ် ရှိပြီဖြစ်သလို ဒီအထဲက ရာဇဝတ်မှုနဲ့ အကျဉ်းကျသူ သောင်းနဲ့ချီ ပြန်လွှတ်ပေးတဲ့အထဲမှာ
နိုင်ငံရေးအကျဉ်းသား ၁ ထောင်ကျော် ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

တချို့ကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်လို့ နိုင်ငံရေးအကျဉ်းသား စာရင်းထဲ ထည့်သွင်းလို့ မရသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ပြောပါတယ်။
XS
SM
MD
LG