သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်သင့်သူတွေကို ဆက်လက်စိစစ်ဆဲ


နိုင်ငံရေးအကျဉ်းသား ကိုအောင်မင်းနိုင် (ဘယ်)၊ ကိုရန်နိုင်ထွန်း (ညာ)။
နိုင်ငံရေးအကျဉ်းသား ကိုအောင်မင်းနိုင် (ဘယ်)၊ ကိုရန်နိုင်ထွန်း (ညာ)။
ဒီဇင်ဘာလ ၃၀ ရက် နေ့စွဲနဲ့ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြန်
လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရသူ အနည်းအကျဉ်းပဲ ပါလာပါသေးတယ်။

အမိန့်ထွက်တာနဲ့ စိစစ် လွှတ်ပေးရတဲ့ လုပ်ငန်းစဉ်ကြား အချိန်ယူရတာကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ အခုလို ကျန်နေသေးပေမဲ့ အကုန်လုံး လွတ်မှာပါလို့ သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောသလို၊ နိုင်ငံရေးအကျဉ်းသားအရေး လုပ်နေသူတစ်ဦးကလည်း မျှော်လင့်ချက် ရှိပါတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေ စိစစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွှတ်ပေးဖို့ သမ္မတဆီ ထောက်ခံ တင်ပြထားသူ ၅၀ ကျော်ထဲမှာ တကယ်တမ်း လွတ်လာတဲ့ အရေအတွက်က ၅ ယောက်ထက် မပိုသေးပါဘူး။

အဲဒီ ၅ ယောက်ဟာလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ လွတ်လာတာမဟုတ်ဘဲ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ ကျခံဖို့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး သီးခြား လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့တာပါ။

ဒါကြောင့်လည်း အမိန့် အမှတ် ၅၁/၂၀၁၃ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ လုံးဝအကျူံးဝင်ပြီး လွတ်လာသူ အခု သတင်းရေးနေချိန်အထိ တစ်ဦးမှ မရှိသေးတဲ့ သဘောပါပဲ။

အခုအချိန်ထိ လွတ်လာသူတွေက ဘယ်သူတွေဆိုတာကိုတော့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် အဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ရှင်းပြပါတယ်။

“တခြားလွတ်တဲ့လူတွေကတော့ အဓိက ပုဒ်မ ၁၈၊ ၅၀၅ (ခ) နဲ့ ထောင်ကျနေတဲ့လူတွေ ရှိပါတယ်။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့လူတွေ။ အဲဒီလူတွေက အကုန်လုံး လွတ်လာပြီးတော့ တရားရင်ဆိုင်နေရတဲ့ ဒီပုဒ်မတွေနဲ့ တရားရင်ဆိုင်နေရတဲ့ လူတွေလည်း အားလုံး လွတ်ပါတယ်။”

သမ္မတရဲ့အမိန့်အရ လွှတ်ရမယ့်လူတွေကို စိစစ်နေရတာကြောင့်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်လာမှာပါလို့ သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးဇော်ဌေးက အခိုင်အမာ ပြောပါတယ်။

“အဲဒီဟာက ကျနော်တို့ နိုင်ငံတော် သမ္မတရုံးက အမိန့်ထုတ်လိုက်တယ်။ အမိန့်ထုတ်လိုက်တဲ့အပေါ်မှာ မူတည်ပြီးတော့ အဲဒါတွေနဲ့ အကျုံးဝင်တဲ့ လူတွေကို အကျဉ်းဦးစီးတို့ ဘာတို့က ပြန်ပြီးတော့ စစ်နေတယ်။ ဆိုလိုတာက ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့ ပြောလိုက်တဲ့ မနေ့က ထုတ်လိုက်တဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ အကျုံးဝင်တဲ့ လူတွေပေါ့နော်၊ အကုန်လုံး သူတို့ပြန်ပြီးတော့၊ သူတို့ဆီမှာ ready မရှိဘူး။ အဲဒါကို ပြန်လုပ်နေတယ်။ တချို့သေချာတဲ့ အဖွဲ့ပေါ့နော်၊ သေချာပြီးသား တချို့လွတ်တယ်။ တချို့လည်း စိစစ်ဆဲပေါ့နော်။ အဲဒီတော့ သေချာတာကတော့ ဇီးရိုး ---- ဖြစ်မှာပဲ။”

ဒီကနေ့ဟာ ၂၀၁၃ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်တာကြောင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားပြီးသူအားလုံး ဒီကနေ့ မကုန်ခင်မှာ လွတ်လာဖို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အတော်နည်းသွားပါပြီ။

ဒါကြောင့်လည်း နှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးမယ်ဆိုတဲ့ ကတိတည်ဖို့ သမ္မတက အမိန့်ထုတ်ပြီး ကြိုးစားခဲ့ပေမဲ့လည်း ကတိမတည်ဘူးလို့ မဆိုနိုင်သော်ငြား အကြောင်းမလှစွာပဲ အပြည့်အ၀ မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။

ဘာ့ကြောင့် ဒီလိုအခြေအနေဖြစ်ရတယ်ဆိုတာကို ကိုတိတ်နိုင် ရှင်းပြပါတယ်။

“ဒီနိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံ၊ လက်မခံဆိုတဲ့ ကိစ္စမှာ တဖက်နဲ့တဖက် အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ တချို့လူတွေက၊ ကော်မတီထဲမှာ ပါနေတဲ့ တချို့လူတွေက ဒီပုဒ်မဆိုရင်တော့ မဖြစ်သင့်ဘူးဆိုတဲ့ ကိစ္စမျိုးရှိသလို၊ တချို့လူတွေကျတော့ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ အမှုဆင်ထားတဲ့ အခြေအနေပါဆိုတဲ့ ကိစ္စကို အကျိုးသင့် အကြောင်းသင့် ပြန်လည်တင်ပြတဲ့ ကိစ္စတွေရှိပါတယ်။ ဆိုတော့ အဲဒီတင်ပြချက်တွေအပေါ်မှာ ကျနော်တို့က အကျဉ်းဦးစီးဌာနကို သွားပြီးတော့၊ ကော်မတီဝင် တချို့ကနေပြီးတော့ ဒီအမှုတွဲတွေကို ပြန်ပြီးတော့ စစ်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အဲဒီလို စစ်ရတဲ့အခါမှာ၊ အဲဒါကြောင့်မို့လို့ ဒီ Process က လိုအပ်တာထက် ပိုကြာသွားတယ်လို့ ပြောလို့ရနိုင်ပါတယ်။”

သမ္မတထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရဆိုရင် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တဲ့ အမှုအမျိုးအစားတွေ အားလုံးလိုလို ပါနေတာကြောင့် အကျဉ်းကျနေတဲ့ ကာယကံရှင်တွေကိုယ်တိုင် လွတ်မြောက်ဖို့ မျှော်လင့်ကြမှာဖြစ်သလို မိသားစု ဝင်တွေဟာလည်း သူတို့ ချစ်ခင်မြတ်နိုးသူတွေ အိမ်ပြန်ရောက်လာဖို့ မျှော်လင့် စောင့်ဆိုင်းနေကြမှာပါ။

ဒီလို မျှော်လင့်စောင့်ဆိုင်းနေကြတာတွေ လုံး၀ အချည်းနှီးဖြစ်မသွားဘဲ ၂၀၁၃ ခုနှစ်အတွင်း မဟုတ်ဘူးဆိုရင်တောင်မှ ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း ဖြစ်နိုင်ခြေ ရှိပါတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။

“အခုကတော့ ဆက်လက်ပြီးတော့ ဆွေးနွေးနေတာတွေ၊ စစ်ဆေးနေတာတွေ၊ စိစစ်နေတာတွေ ရှိပါတယ်။ ဆိုတော့ ဒီစိစစ်တဲ့ ကိစ္စကလည်း အမှန်ပြောရရင်တော့ ပြီးသလောက် ဖြစ်သွားပါပြီ။ ပြီးသလောက် ဖြစ်သွားပြီဆိုတဲ့အခါ ဒီဆွေးနွေးချက်တွေရဲ့ အခြေခံတွေအပေါ်မှာ မူတည်ပြီးတော့ ပြောရမယ် ဆိုလို့ရှိရင်တော့ လာမယ့် အပတ်လောက်မှာပဲ ခုနက ကျန်နေခဲ့တဲ့ ၄၆ ဦး ဆိုတာကလည်း လွတ်လာလိမ့်မယ်လို့ မျှော်လင့်လို့ရပါတယ်။”

နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တာနဲ့အညီ လွတ်လပ်ရေး ရပြီးကတည်းက အစိုးရ အဆက်ဆက်ဟာ လွတ်လပ်ရေးနေ့မှာ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိပါ တယ်။

လက်ရှိ အစိုးရအနေနဲ့လည်း ဒီအစဉ်အလာကို ဆက်လက် ထိန်းသိမ်းမယ်ဆိုရင်ဖြင့် နိုင်ငံရေးအကျဉ်းသားတွေသာမက တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းတွေ၊ တခြား အကျဉ်းသားတွေပါ လွတ်ငြိမ်းချမ်းသာခွင့် ရဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောဆိုတာမျိုးလည်း ရှိပါတယ်။
XS
SM
MD
LG