သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းမှာ မြန်မာ ဒုတိယလိုက်


အာရှတိုက်ရဲ့ အဆင်းရဲဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံတွေနဲ့ လူတွေရဲ့ စာရင်းတွေကို နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ Asian Ranking အင်တာနက် စာမျက်နှာကနေ ၂၀၁၅ ခုနှစ် အာရှတိုက်ရဲ့ အဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းကို ထုတ်ပြန်လိုက်ရာမှာ - မြန်မာနိုင်ငံက နံပါတ် ၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံအလိုက် လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေအပေါ် အခြေခံပြီး တွက်ထားတဲ့ ဒီစာရင်းအရ မြန်မာနိုင်ငံမှာ လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာ ရှိတယ်လို့ ဖော်ပြထားတာပါ။

လယ်ယာစိုက်ပျိုးရေးနဲ့ နိုင်ငံခြားကုန်တင်ပို့မှုအပေါ် အဓိက အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အခုလို အာရှရဲ့ ဒုတိယအဆင်းရဲဆုံး နိုင်ငံ ဖြစ်လာရခြင်းမှာ - အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေး ဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေက အကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ Asian Ranking က ထောက်ပြထားပါတယ်။

အနိမ့်ဆုံးကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇၇ ဒေါ်လာ ရှိတာဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ - မြန်မာနိုင်ငံရဲ့အထက် နံပါတ် ၃ နေရာမှာရှိနေပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန် ဒေါ်လာ ၂၀၈၃ ဒေါ်လာ ရှိပါတယ်။ အမြင့်ဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ လူတဦးချင်းရဲ့ တနှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၅၂၁၄ ဒေါ်လာရှိပေမဲ့ စီးပွားရေးဖွံ့ဖြိုးတည်ငြိမ်မှုက နိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို တဖြေးဖြေးချင်း လျော့နည်းလာစေတယ်လို့ ဆိုထားပါတယ်။ သူ့နောက်မှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့က ကပ်လျက် ရှိနေတာပါ။ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ လာအိုက နံပါတ် ၉ နေရာမှာရှိနေပြီး၊ ဗီယက်နမ် ကတော့ - နံပါတ် ၁၁ မှာ ရှိနေတာကို ပြသထားပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း တနှစ်ကို ၈ ရာခိုင်နှုန်းဝန်းကျင် စီးပွားရေးတိုးတက်လာနိုင်ဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သုံးသပ်ခဲ့တာပါ။ ဒီလို တိုးတက်ဖို့အတွက် လက်ရှိ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာ ဖြစ်တာကြောင့် ကဏ္ဍတခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် Asain Ranking က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ အာရှမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာပါဝင်သလို၊ အာရှက သက်တမ်းအရင့်ဆုံး တက္ကသိုလ် ၂၀ စာရင်းမှာလည်း ရန်ကုန်တက္ကသိုလ် ပါဝင်ပြီး၊ အာရှရဲ့ အလှူဒါန အရက်ရောဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG