သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ဘရာဇီးခရီးစဉ် အဆုံးသတ်


ပုပ်ရဟန်းမင်းကြီး Francis ဟာ ကမ္ဘာပေါ်က နာမည်ကျော် Copacabana ကမ်းခြေမှာ တရားဟောကြားပြီး ဘရာဇီးနိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့က အဆုံးသတ်ခဲ့ပါတယ်။ ကက်သလစ် ခရစ်ယာန်ကျောင်းတော်ရဲ့ ကမ္ဘာ့လူငယ်များနေ့ ပွဲတော် အခမ်းအနားတွေ အဆုံးသတ်တဲ့အနေနဲ့ ကမ်းခြေက တရားပွဲမှာတော့ ခန့်မှန်းချေ လူပေါင်း ၃ သန်းလောက် တက်ရောက် ခဲ့တာပါ။

တောင်အမေရိကတိုက် အာဂျင်တီးနား နိုင်ငံဖွား ပုပ်ရဟန်းမင်းကြီးကတော့ ကက်သလစ် ခရစ်ယာန်တရားတော်နဲ့ အလှမ်းဝေးတဲ့ လူမှုအသိုင်းအဝိုင်းတွေကို သွားရောက်ပြီး လက်ဆင့်ကမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သမ္မာကျမ်းစာ ဖတ်ကြားပွဲတွေ ကဇာတ်တွေနဲ့အတူ ပျော်ပွဲရွှင်ပွဲ အခန်းအနားမှာတော့ ပုပ်ရဟန်းမင်းကြီးကို စိတ်အားထက်သန်နေကြတဲ့ ပရိတ်သတ်တွေက အလံတွေဝှေ့ယမ်း၊ သီချင်းတွေ ဆိုကြ၊ ကကြနဲ့ ကြိုဆိုခဲ့ကြတာပါ။

ကမ္ဘာ့လူငယ်များနေ့ ပိတ်ပွဲ အခန်းအနားကိုတော့ ဘရာဇီး သမ္မတ Dilma Rousseff အာဂျင်တီးနား သမ္မတ Christina Kirchner ဘိုလီဗီးယား သမ္မတ Evo Morales တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ လက်တင်အမေရိကတိုက် တဝှမ်းက ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော်တွေနဲ့ တွေ့ဆုံပြီး နောက်မှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ရောမမြို့ကို ခရီးဆက်မှာပါ။

သီတင်းတပတ်ကြာ ဘရာဇီးနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ ပုပ်ရဟန်းမင်းကြီးက ဂိုဏ်းအုပ်ဆရာတော်တွေ၊ ဘုန်းတော်ကြီးတွေ နဲ့ တခြား ခရစ်ယာန်ဘာသာရေး အကြီးအကဲတွေ အနေနဲ့ ဘုရားကျောင်းမှာပဲ မနေကြဘဲ အပြင်ထွက်ပြီး ကျမ်းစာတော်ရဲ့ အဆုံးအမတွေကို ဖြန့်ချီကြဖို့လည်း ဆော်သြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG