သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကျူးဘားခရီးစဉ်အဆုံးသတ်


ဆန်ဒီယေဂိုမှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၂၁၊ ၂၀၁၅)
ဆန်ဒီယေဂိုမှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis (စက်တင်ဘာ ၂၁၊ ၂၀၁၅)

ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျူးဘားနိုင်ငံအတွင်းက တတိယနဲ့နောက်ဆုံး ခရီးတထောက်ဖြစ်တဲ့ Santiago မြို့ကို တနင်္လာနေ့က ရောက်ရှိသွားတာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကွန်မြူနစ် ကျူးဘားနိုင်ငံအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်အောင် လုပ်ဆောင်ပေးခဲ့သူအဖြစ် သူ့ကို ချီးမွမ်းဂုဏ်ပြုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးးဟာ စစ်အေးခေတ်ကာလတုန်းက ကျူးဘားရဲ့ရန်ဘက်နိုင်ငံဖြစ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီကို အင်္ဂါနေ့မှာ ခရီးမဆက်ခင် ကျူးဘားနိုင်ငံရဲ့အဓိက သူတော်စင်ဖြစ်တဲ့ Virgin of Charity ဝတ်ကျောင်းရှိရာကို သွားရောက်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ တိုင်းပြည်အရှေ့ပိုင်းမှာရှိတဲ့ Holguin မြို့က တော်လှန်ရေး ပလာဇာမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေနဲ့အတူ ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့ပြီး ယေရှုခရစ်တော်ရဲ့ ဖိတ်ခေါ်မှုကိုနာခံပြီး ပြောင်းလဲမှုဖော်ဆောင်ဖို့ ဝန်လေးနေတဲ့ စိတ်တွေကို ကျော်လွှားနိုင်ဖို့ ဟောကြားခဲ့ပါတယ်။

ယုံကြည်သူတွေအနေနဲ့ ယေရှုခရစ်တော်က ဟောကြားခဲ့တဲ့အတိုင်း ပုဂ္ဂိုလ်တဦးချင်းစီရဲ့ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်ကြဖို့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုတ်ရဟန်းမင်းကြီးက ဟောကြားခဲ့ပါတယ်။

ဟာဗားနားမြို့နဲ့ ၇၄၃ ကီလိုမီတာဝေးတဲ့ Holguin မြို့ဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ အဓိက အချက်အခြာမြို့တခုဖြစ်ပြီး မြို့ကို အပေါ်စီးက ကြည့်နေတဲ့ နှစ်ပေါင်းရာနဲ့ချီတည်ရှိတဲ့ လက်ဝါးကပ်တိုင်ကြီးဟာလည်း လူသိများတဲ့ အချက်ဖြစ်ပါတယ်။ ဒီဒေသဟာ ကျူးဘား ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Fidel Castro နဲ့ Raul Castro တို့ရဲ့ မွေးရပ် ဇာတိမြေလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အင်္ဂါနေ့ညနေ ၄ နာရီ ဝါရှင်တန်ဒီစီမြို့တော်ကို ဆိုက်ရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက်မှာတော့ အိမ်ဖြူတော်ကို သွားရောက်ပြီး သမ္မတ Barack Obama နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက် Cathedral of St. Matthew the Apostle ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

စက်တာဘာလ ၂၄ ရက်နေ့မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်လွှတ်တော် နှစ်ရပ်ပေါင်းရှေ့မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ နယူးယောက်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ စက်တာဘာလ ၂၅ ရက်နေ့ နယူးယောက်မြို့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားပါမယ်။

XS
SM
MD
LG