သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးနေရာ အစားထိုးမည့်ပုဂ္ဂိုလ် ခန့်မှန်းချက်တွေထွက်ပေါ်


ပုပ်ရဟန်းမင်းကြီး Benedict
ပုပ်ရဟန်းမင်းကြီး Benedict
အခုလို ပုပ်ရဟန်းမင်းကြီး Benedict ရာထူးတာဝန်ကနေ မမျှော်လင့်ဘဲ နှုတ်ထွက်သွား တဲ့နောက်တော့ တကမ္ဘာလုံးမှာရှိတဲ့ ရိုမန်ကတ်သလစ် ဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ အကြီးအကဲနေရာကို ဘယ်သူ အစားထိုးမလဲ ခန့်မှန်းပြောဆိုမှုတွေ၊ တွက်ဆမှုတွေ ရှိလာကြပါတယ်။

အတော်များများကတော့ အခုလာမယ့် ပုပ်ရဟန်းမင်းကြီးဟာ တတိယနိုင်ငံ တခုခုကနေ လာမယ်လို့ တွက်ဆကြပါတယ်။ အထူးသဖြင့် ကတ်သလစ်ဘာသာဝင်တွေ အများစုရှိတဲ့ လက်တင်အမေရိက တိုင်းပြည်တခုခု ဒါမှမဟုတ် ကတ်သလစ်ဘာသာဝင်တွေ တိုးများလာနေတဲ့ အာဖရိကတိုက် နိုင်ငံ တခုခုက ဖြစ်မယ်လို့ ယူဆကြပါတယ်။

ဒါပေမဲ့လည်း မြောက်အမေရိကတိုက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ ကလည်း ဖြစ်နိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကနေဒါနိုင်ငံ ကာဒီနယ်ဘုန်းတော်ကြီး မာ့စ် အိုးလတ် (Marc Ouellet)၊ နိုင်ဂျီးရီးယားနိုင်ငံက ဘုန်းတော်ကြီး ဖရန်းစစ် အာရင်ဇီ (Francis Arinze) နဲ့ ဂါနာနိုင်ငံက ဘုန်းတော်ကြီး ပီတာ တာစန် (Peter Turson) တို့ဟာ ထင်ကြေးပေး အခံရဆုံးဖြစ်နေပါတယ်။

ဒါပေမဲ့လည်း ဖိလစ်ပိုင်၊ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဥရောပနိုင်ငံတွေက ကာဒီနယ် ဘုန်းတော်ကြီးတွေဟာလည်း ဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး သတင်းမီဒီယာတွေမှာ တွက်ဆ ဖော်ပြနေပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကာဒီနယ်ဘုန်းတော်ကြီး တီမသီ ဒိုးလန် (Timothy Dolan) ဟာလည်း ပုပ်ရဟန်းမင်းအဖြစ် အလားအလာရှိတဲ့ ပုဂ္ဂိုလ်အဖြစ် တွက်ဆ ဖော်ပြခံရပါတယ်။

ပုပ်ရဟန်းမင်းကြီး Benedict ဟာ ဂျာမန်လူမျိုးဖြစ်ပြီး၊ နှစ်ပေါင်း ၅၀၀ ကျော်အတွင်း အီတလီလူမျိုးမဟုတ်တဲ့ ဒုတိယမြောက် ပုပ်ရဟန်းမင်း ဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် (John Paul) ဟာ အီတလီလူမျိုး မဟုတ်တဲ့ ပထမဆုံး ပုပ်ရဟန်းမင်း ဖြစ်ပြီး၊ သူဟာ ပိုလန်ဖွား ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းနေရာကိုတော့ အစဉ်အလာအားဖြင့် ကတ်သလစ်ဘုရားကျောင်းတွေက အကြီးတန်း ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ ကာဒီနယ်ဘုန်းတော်ကြီးတွေက ရွေးချယ်ရတာဖြစ်ပါတယ်။
XS
SM
MD
LG