သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR စနစ် အမျိုးသားလွှတ်တော် အတည်ပြု


တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံမဲနဲ့ အတည်ပြုလိုက်ပါတယ်။ အခုလို အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ PR စနစ် အသုံးပြုမယ့် အရေးကို တစိုက်မတ်မတ် ကန့်ကွက်နေကြတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်လက်မှတ်တွေ စုစည်းပြီး အခြေခံဥပဒေခုံရုံးတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ မဲအချိုးကျ ကိုယ်စားပြုစနစ် PR စနစ်ကို တပြေးညီ အသုံးပြုဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ PR စနစ်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ကြတဲ့ အကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလို ပြောပါတယ်။

“တိုင်းဒေသကြီးနဲ့ရော၊ ပြည်နယ်မှာကော တပြေးညီကျင့်သုံးချင်တာ သဘောတူမတူ လွှတ်တော်ရဲ့သဘောတူညီချက်ကိုယူတာ။ ကန့်ကွက်တာက အန်ကယ်လ်တို့ NLD ကလည်း ကန့်ကွက်တယ်၊ တိုင်းရင်းသားပါတီတွေကလည်း တချို့က တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေကလည်း ကန့်ကွက်ကြတယ်။ အဲလိုကန့်ကွက်ကြတဲ့အခါကျတော့ စက်ခလုတ်သုံးပြီးတော့ မဲခွဲတယ်။ မဲဲခွဲလိုက်တဲ့အခါကျတော့ မဲအရေအတွက်အရ အန်ကယ်လ်တို့ ကနည့်ကွတ်တဲ့ဘက်က ၂၄ မဲ၊ ကြားနေမဲ ၇ မဲနဲ့ ကျန်တာကတော့ ထောက်ခံမဲပေါ့နော်။ တပ်နဲ့ပြည်ခိုင်ဖြိုးက ဟိုဘက်ကို ထောက်ခံလိုက်တာပေါ့နော်၊ အများစုက။ အဲဒီအရ ဆုံးဖြတ်ချက်ကတော့ PR စနစ်ကို တိုင်းဒေသကြီးနဲ့အားလုံးကို တပြေးညီကျင့်သုံးဖို့သဘောတူတယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျသွားတယ်။ အန်ကယ်လ်တို့ကတော့ ကန့်ကွက်တယ်၊ အဲလိုကန့်ကွက်တဲ့အခါမှာ အန်ကယ်လ်တို့ကတော့ တရားဝင်ထပြောတယ်။ အခုလို ကန့်ကွက်တာဟာ အစဉ်တလျှောက်လုံး တစိုက်မတ်မတ် PR စနစ်မကျင့်သုံးသင့်ဘူးလို့ အန်ကယ်လ်တို့က ကန့်ကွက်လာခဲ့တာ။ အခု ဒီနေ့ကန့်ကွက်တာဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တပြေးညီ ကျင့်သုံးရေး၊ မကျင့်သုံးရေးနဲ့မဆိုင်ဘူး။ PR စနစ်ကိုယ်တိုင်နှိုက်ကို မကျင့်သုံးသင့်ဘူးလို့ ကန့်ကွက်တာလို့ လွှတ်တော်မှာ ထပြီးပြောပါတယ်။”

PR စနစ်- မဲအချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုဖို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ကိုယ်စားလှယ်တွေက တင်သွင်းခဲ့တာဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အသုံးပြုတဲ့ မဲများသူအနိုင်ရတဲ့ FTPT စနစ်ကနေ မဲအချိုးကျကိုယ်စားပြုစနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ အတည်ပြုထားပြီး ဖြစ်တာကြောင့် အခုအခါမှာ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေနဲ့ တိုင်းဒေသကြီး လွှတ်တော်အားလုံးမှာ PR စနစ်ကို ကျင့်သုံးဖို့ အတည်ဖြစ်သွားတာပါ။ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌဦးခင်အောင်မြင့်က ထိုင်းနိုင်ငံကို ဒီရက်ပိုင်းအတွင်းမှာပဲ သွားရောက်နေတာမို့ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌဦးမြငြိမ်းက အခု မဲခွဲမှုကို ကြီးကြပ်ခဲ့တာပါ။

PR မဲအချိုးကျ ကိုယ်စားပြုစနစ်ကို တစိုက်မတ်မတ် ကန့်ကွက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကတော့ အခုအခါမှာ PR စနစ်ဟာ အခြေခံဥပဒေနဲ့ညီမညီ ဆုံးဖြတ်ပေးဖို့ အခြေခံဥပဒေခုံရုံးတင်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသား ပါတီရဲ့ အကြီးအကဲတဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကတော့ အခုလို ပြောပါတယ်။

“အမျိုးသားလွှတ်တော်က ကော်မရှင်နဲ့ကို…. ကော်မရှင်ကနေ ကျနော်တို့လည်း နုတ်ထွက်တာပဲလေ။ ရှမ်းအမတ်နုတ်ထွက်တယ်၊ ကျနော်တို့နုတ်ထွက်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူပုဂ္ဂိုလ်ငါးဦး-ပေါ့နော်၊ MP ငါးဦးနုတ်ထွက်တယ်။ ကျနော်တို့ပါတီဘက်ကလည်း နှစ်ဦး နုတ်ထွက်တာပေါ့။ ဝ-နုတ်ထွက်တယ်၊ စသဖြင့်ပေါ့နော်။ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက PR ကော်မရှင်ကနေ နုတ်ထွက်ကြတာကိုး။ ဒါပေမယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဖြစ်အောင်လုပ်တာပဲလေ။ ဒါလည်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ဖြစ်အောင်တော့ လုပ်လာတဲ့သဘော ရောက်လာပြီပေါ့။ အတည်လည်းပြုတယ်၊ ဆက်သွားမယ်ဆိုရင် အခြေခံဥပဒေနဲ့ လျော်ညီမှု ရှိမရှိဆိုတဲ့ဥစ္စာက အင်မတန် အရေးကြီးတာကို။ အခြေခံဥပဒေနဲ့ညီတယ်လို့ ခုံရုံးက ဆုံးဖြတ် သုံးသပ်ရင်တော့ဖြင့် တမျိုးပေါ့ဗျာ။ နော်..ဆက်သွားကြပေါ့။ ဒါပေမယ့် ခုံရုံးက မညီဘူးလို့ဆိုရင် အခု အတည်ပြုလိုက်တဲ့ဥစ္စာတွေအကုန်လုံးက ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်တဲ့သဘော ဖြစ်သွားတာပေါ့။”

အခု အခြေအနေအရတော့ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ မဲအချိုးကျ ကိုယ်စားပြု စနစ် အသုံးပြုနိုင်ခြေကတော့ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။ မကြာသေးခင် ရက်ပိုင်း အတွင်းကတော့ ပြည်သူ့လွှတ်တော်မှာ မဲအချိုးကျကိုယ်စားပြုစနစ် PR စနစ် အသုံးပြုရေးဆိုတာမှာအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး အခြေခံ ဥပဒေရေးရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ပြည်သူ့လွှတ်တော်ကတော့ PR စနစ်ကို ရွေးကောက်ပွဲမှာမသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG