သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနယ်ဇင်းကောင်စီ သက်တမ်းတိုးဖို့ သမ္မတအာမခံ


မြန်မာသမ္မတဦးသိန်းစိန်။
မြန်မာသမ္မတဦးသိန်းစိန်။
အခုစက်တင်ဘာလ ၁၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို သမ္မတ ဦးသိန်းစိန်က သက်တမ်းတိုးပေးမယ်လို့ ဒီကနေ့ သမ္မတနဲ့ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ ကတိပေးခဲ့ပါတယ်။ အစိုးရယန္တရားကို စောင့်ကြည်ပေးဖို့၊ တည့်မတ်ပေးဖို့ စာနယ်ဇင်းကောင်စီမှာ တာဝန်ရှိတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောလိုက်တဲ့အကြောင်း စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် တင်ပြပေးထားပါတယ်။

မြန်မာစာနယ်ဇင်းကောင်စီနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတရဲ့အမိန်နဲ့ပဲ ပြီးခဲတဲ့ စက်တင်ဘာလတုန်းက
ဖွဲ့စည်းခဲ့တဲ့ စာနယ်ဇင်းကောင်စီကိုသက်တမ်းထပ်တိုးပေးမယ်ဆိုပြီးတော့ သမ္မတက စာနယ်ဇင်းကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ
ကတိပေးခဲ့ပါတယ်။ အခုလ စက်တင်ဘာ ၁၄ ရက်နေ့မှာ ၁ နှစ်သက်တမ်းပြည့်မဲ့ စာနယ်ဇင်းကောင်စီအနေနဲ့ မပြီးပြတ်သေးတဲ့လုပ်ငန်းတွေ
ဆက်လက်လုပ်ဆောင်ဖို့အတွက် နိုင်ငံတော်သမ္မတက သက်တမ်းတိုးပေးမယ်ဆိုပြီးပြောခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ သမ္မတနဲ့တွေ့တဲ့အခါမှာလည်း ကျေနပ်အားရမှုရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“တက်တက်ကြွကြွပေါ့။ သူကတော့ ဘယ်လိုပြောမလဲ။ အေးအေးဆေးဆေးပဲပေါ့။ ကျနော်တို့နဲ့ အေးအေးဆေးဆေးပဲ၊ သူက လယ်တောအိမ်မှာဆိုတော့ မိသားစုဆုံသလိုပဲ၊ အေးအေးဆေးဆေးလေးကိုပဲ ကျနော်တို့ ပြောတာအားလုံးကို နားထောင်တယ်။ သမ္မတကြီးရဲ့ ပုံစံက ကိုက အမြဲ အေးအေးဆေးဆေးပဲ။”

(ဦးကျော်မင်းဆွေနဲ့ ဖုန်းပြောတဲ့အချိန်မှာ ဦးကျော်မင်းဆွေက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာပြန်လာနေတဲ့အချိန်ဖြစ်တာကြောင့် သူ့ရဲ့စကားပြောသံတွေ မကောင်းတာကို သည်းခံပေးဖို့ တောင်းပန်အပ်ပါတယ်။) - သူပြောသွားခဲ့တာက - သမ္မတ သက်တမ်းတိုးပေးမယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ စာနယ်ဇင်းကောင်စီရဲ့ သက်တမ်းက သိပ်မကျန်တော့ပါဘူး။ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့အတွက် သမ္မတက သူကိုယ်တိုင် ဖွဲ့ပေးခဲ့တဲ့ ကောင်စီကို သက်တမ်းတိုးပေးမှာဖြစ်တဲ့အကြောင်း- ဦးကျော်မင်းဆွေက ပြောသွားတာပါ။

စာနယ်ဇင်းကောင်စီ ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ဟာ နိုင်ငံတော်သမ္မတနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပြီးတော့ သမ္မတနဲ့တွေ့ဆုံချိန်မှာ ပြန်ကြားရေး ဝန်ကြီး၊ ဒုဝန်ကြီးတွေပါ သမ္မတရဲ့ လယ်တောရိပ်သာမှာတွေ့ဆုံခဲ့ကြတာပါ။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ အစိုးရယန္တရားကြီး တစ်ခုလုံးကို စောင့်ကြည့်ဖို့ စာနယ်ဇင်းကောင်စီဟာ စတုတ္ထမဏ္ဍိုင်အနေနဲ့ တာဝန်ရှိတယ်လို့ သမ္မတက ပြောခဲ့တဲ့အကြောင်း ဦးကျော်မင်းဆွေက ပြောပါတယ်။

“သမ္မတက စတုတ္ထမဏ္ဍိုင်အရေးကြီးတယ်ဆိုတာကို ထောက်ခံပါတယ်။ စတုတ္ထမဏ္ဍိုင်----”
… သူပြောသွားခဲ့တာကတော့ - အစိုးရမောင်းနှင်နေတဲ့ အုပ်ချုပ်ရေးယန္တရားကို စာနယ်ဇင်းကောင်စီက စောင့်ကြည့်ဖို့ လိုတယ်ဆိုတာကို အသိအမှတ်ပြုတယ်လို့ သမ္မတက ပြောပါတယ်။ စာနယ်ဇင်းကောင်စီနဲ့ သမ္မတ တွေ့တဲ့နေရာမှာကျေနပ်မှုတွေ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း တင်ပြစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ခဲ့ပါတယ်လို့ ဦးကျော်မင်းဆွေက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပုံနှိပ်ဥပဒေ၊ သတင်းမီဒီယာဥပဒေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီတို့ကြားမှာ မကြာခင်က အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတနဲ့ စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံချိန်မှာ
ပြန်ကြားရေးနဲ့ အငြင်းပွားစရာဖြစ်နေတဲ့ ဒီဥပေဒေကိစ္စတွေကို စာနယ်ဇင်းကောင်စီဘက်က တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေဟာ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးက တာဝန်ရှိသူအချို့ မူလက သဘောတူထားတဲ့ အတိုင်းမဟုတ်ဘဲ ပြင်ဆင်ထည့်သွင်းတဲ့အချက်တွေရှိနေလို့ ကန့်ကွက်မှုတွေရှိနေပေမဲ့ လွှတ်တော် ၂ ရပ်လုံးက အတည်ပြုခဲ့ပါတယ်။

သတ္တမအကြိမ် လွှတ်တော်အစည်းအဝေးတွေ အတွင်းမှာ စာနယ်ဇင်း ကောင်စီက ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကို ပြန်ကြားရေးက လွှတ်တော်ကို တင်ပြမပေးတဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတစ်ဆင့်ကိုယ်စားပြုပြီးတော့ တင်ပြခဲ့ရပါတယ်။

ဒီကနေ့ သမ္မတနဲ့ တွေ့ဆုံချိန်မှာတော့ အငြင်းပွားစရာဖြစ်နေတဲ့ ပြန်ကြားရေးက ရေးဆွဲတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကိုလည်း
ပြန်ပြင်ဖို့တင်ပြခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

“……” သူပြောသွားခဲ့တာကတော့ - ကမ္ဘာ့နိုင်ငံအများစုမှာ Public Service Media ဆိုတာ မရှိပါဘူး၊ Public Service Broadcast ပဲရှိတယ်လို့ ပြောခဲ့ပါတယ်။ ရုပ်သံလွှင့်မီဒီယာတွေကိုပဲ အများပြည်သူ ဝန်ဆောင်မှုပေးသင့်ပါတယ်လို့ တင်ပြခဲ့တဲ့အကြောင်း ဦးကျော်မင်းဆွေက
ပြန်ကြားရေး ဝန်ကြီးဌာနက လက်ရှိအချိန်မှာတော့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေတွေအပြင် ရုပ်သံလွှင့် ဥပဒေနဲ့ ရုပ်ရှင်နဲ့ဖလင်ဆိုင်ရာ ဥပဒေတွေကိုလည်း ထပ်မံရေးဆွဲသွားဖို့ ပြင်ဆင်နေပါတယ်ခင်ဗျာ။
XS
SM
MD
LG