သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဖြိုးအောင်ကို အမြန်ဆုံးလွှတ်ပေးဖို့ သမ္မတဟောင်း Bush တောင်းဆို


အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ George W. Bush Institute’s Liberty and Leadershi သင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်များ။
အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ George W. Bush Institute’s Liberty and Leadershi သင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်များ။

ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတဟောင်း ဘုရှ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ဇွန်လ (၂၅)ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ကျင်းပတဲ့ မြန်မာလူငယ်တွေအတွက် Bush Instituteရဲ့ လွတ်လပ်မှု နဲ့ ခေါင်းဆောင်မှု ဆိုင်ရာ ဖိုရမ် ဆင်းပွဲအခမ်းအနားမှာ မစ္စတာ ဘုရှ်က ပြောဆို သွားတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒီဖိုရမ်ကနေ မြန်မာလူငယ် (၁၈)ဦးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ဘာသာရပ်တွေကို စာတွေ့ လက်တွေ့တနှစ်ကြာလေ့လာခဲ့ကြတာဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သမ္မတဟောင်းဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ်တို့ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ သင်တန်းသားတွေဖြစ်တဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ဂျိမ်းစ် ခေါ် ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ တက်ရောက်နိုင်ခြင်းမရှိတဲ့အပေါ်မှာ သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပြီး ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို သမ္မတဟောင်း ဘုရှ်က အခုလို တောင်းဆို သွားပါတယ်။

"ဒီနေရာမှာ ဖြိုးဖြိုးအောင်နဲ့ သူအမျိုးသား ဂျိမ်းစ်တို့အတွက် လစ်လပ်နေတဲ့ ထိုင်ခုံနှစ်ခုံ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲ လာတယ် ဆိုပေမဲ့ ဒီမိုကရေစီအမြစ်တွယ်ဖို့အတွက် လုပ်ဆောင် စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါကိုနားလည်တဲ့ ဖြိုးဖြိုးနဲ့ ဂျိမ်းတို့ဟာ တက္ကသိုလ်ပညာရေး လွတ်လပ်ခွင့် အတွက် ရှေ့တန်း ကနေ ဆောင်ရွက်နေကြတာပါ။ အခုလို သူတို့ရဲ့ဆန္ဒအသံတွေကို ထုတ်ဖေါ်တဲ့ အတွက် ဖြိုးဖြိုးကို အစိုးရက ဖမ်းဆီးထားပါတယ်။ သူ့ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော်တို့တောင်းဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို အလေးထားစောင့်ကြည့်နေပြီး လွတ်လပ်ပြီး တရားမျှတမှုရှိအောင်ဆောင်ရွက်ဖို့လည်း မစ္စတာဘုရှ်က တိုက်တွန်းသွားပါတယ်။

"မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မယ်လို့ ကျနော်နားလည်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။"

Bush Instituteကပေးတဲ့ သင်တန်းတွေ ဟာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ အနာဂတ်အတွက် လူငယ်တွေရဲ့ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေး တာဖြစ်တယ်လို့ လည်း အခမ်းအနားမှာ မစ္စတာဘုရှ်ကပြောသွားပါတယ်။

ဒီသင်တန်းမှာ ပါဝင်သူတဦးဖြစ်တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေေ၀နုကလည်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့ အသိပညာ မြှင့်တင်ပေးရေးမှာ ဒီလိုနိုင်ငံတကာသင်တန်းမျိုးတွေဟာ အထောက်အကူပေးတယ်လို့ ပြောပါတယ်။

"သူဟာ ဗမာပြည်ကို စိတ်ဝင်စားမှုရှိတယ်။ ဗမာပြည်ထဲမှာ ရှိတဲ့လူငယ်တွေကို ဒီဗမာလူ့အဖွဲ့အစည်း ကို သူက အသိပညာပေးချင်တယ် ကောင်းမွန်စေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒနဲ့ ဒီဟာကို လုပ်တယ်လို့ ကျမယုံကြည်ပါတယ်။ သမ္မတဘုရှ်အနေနဲ့ ဗမာလူ့အဖွဲ့အစည်းကို သူတို့ကနေပြီးတော့ အပြောင်းအလဲမြင်ချင်တဲ့ စိတ်ဆန္ဒတော့ ရှိကြပါတယ်။ အဲ့ဒီ့အတွက်ကို ဒီဟာလေးတွေဟာ ဒီလို သင်တန်းလေးဟာ အကျိုးရှိတယ်လို့ ကျမထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ပြည်တွင်းမှာ ဒီလိုသင်တန်းကောင်းတွေ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့သင်တန်းတွေ ကျမတို့သိပ်မရှိဘူးလေ။ ဗမာပြည်နဲ့ကိုက်ညီအောင် သူတို့ သေသေချာချာ သင်ရိုးရေးဆွဲပြီး လုပ်ထားတဲ့အခါကျတော့ တော်တော်လေး အကျိုးရှိတဲ့ဟာတခုလို့ ထင်ပါတယ်။ "

တနှစ်တာသင်ယူခဲ့တာတွေနဲ့ပတ်သက်လို့ နောက်ထပ်သင်တန်းသားတဦးဖြစ်တဲ့ ဒါနရှေ့ဆောင်မြန်မာရဲ့ကိုယ်စားလှယ် ကိုကြည်မင်းဟန်က အခုလိုပြောပါတယ်။

"ကျနော်က ဝမ်းသာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တစ်နှစ်လုံးလုံးကြီး တက်လာတာလေ။ တက်လာတာ ပြီးခဲ့တဲ့နှစ် ဇွန်ကတည်းကနေစပြီးတော့လေ ပြီးတော့ လာရတာလည်း တကူးတကကို လာရတာ။ ဒါးလက်စ်မှာမှ မဟုတ်ဘူး တခြား ချင်းမိုင်တို့ မန္တလေးတို့ ရန်ကုန်တို့မှာ လုပ်တဲ့ဟာတွေကလည်း သင်တန်းဆိုလို့ရှိရင် ကျနော်တို့ကို သိပ်အနားပေးတာမဟုတ်ဘူး။ Vacation ယူတာ မဟုတ်ဘူးဆိုပြီးတော့လေ အဲ့လိုမျိုး သင်တန်းအချိန်တွေက အရမ်းကြပ်ပြီးတော့ လုပ်ခဲ့ရတာပေါ့။ လုပ်ခဲ့ရတာဆိုတော့ ပျော်တော့ပျော်တာပေါ့။ ပြီးတော့ ဘုရှ်စင်တာလိုဟာမျိုးကနေ ဘွဲ့လက်မှတ်ပေးတာဆိုတော့ ဝမ်းသာတာလည်း ပါတာပေါ့နော်။"

ဒီလူငယ်တွေဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ က အမေရိကန်ပြည်ထောင်စုမှာ Bush Institute ရဲ့ ခေါင်းဆောင်မှုအစီအစဉ်အနေနဲ့ ၃ ပတ်ကြာ စတင်လေ့လာသင်ကြားခဲ့ကြတာပါ။ အဲ့ဒီထဲမှာ လက်ရှိသာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ အာဏာပိုင်တွေ လိုက်လံဖမ်းဆီး တာကိုရှောင်တိမ်းနေတဲ့ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်အပါအဝင် အခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူငယ် စုစုပေါင်း (၁၈)ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG