သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသဝဏ်လွှာ မှတ်တမ်းတင်ရေး ဆိုင်းငံ့


နေပြည်တော်မှ အောက်လွှတ်တော် ပုံမှန်အစည်းအဝေး။
နေပြည်တော်မှ အောက်လွှတ်တော် ပုံမှန်အစည်းအဝေး။
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက လွှတ်တော်ကို သဝဏ်လွှာနဲ့အတူ သတင်း သုံးသပ်ချက်ကို ပြည်တောင်စုလွှတ်တော်မှာ မှတ်တမ်းတင်မယ့် အစီ အစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေပါတယ်ဆိုတဲ့ သတင်း သုံးသပ်ချက်ကို သဝဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တဲ့ သတင်းသုံးသပ်ချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းဝေးမစခင် RNDP က ကန့်ကွက် လွှာ တင်သွင်းလိုက်တာကြောင့် အခုလို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံကို သြဂုတ်လ ၂၁ ရက်နေ့မှာ ပေးပို့ခဲ့တဲ့ သဝဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်းသုံးချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပဋိပက္ခတွေဟာ RNDP ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီနဲ့၊ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်ဆိုတဲ့ သဘောမျိုး အပြစ် ပုံချထားတဲ့အချက်တွေ ပါလာတာကြောင့် အဲဒီ သတင်းသုံးသပ်ချက်ကို ကန့်ကွက်ဖို့ RNDP ပါတီက သြဂုတ်လ ၂၂ ရက် နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရဲ့ သဝဏ်လွှာနဲ့ အဲဒီ ပူးတွဲသတင်းသုံးသပ်ချက်ကို မှတ်တမ်း တင်ရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့ အစီ အစဉ်ထဲမှာ ထဲ့သွင်းထားတာကြောင့် ဒီကနေ့ မနက်ပိုင်းမှာပဲ ကန့်ကွက်လွှာကို တင်သွင်းခဲ့တာလို့ RNDP ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီနောက် ပြည်ထောင်စုလွှတ်တော် အစည်းဝေး စတင်တဲ့အခါ သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြား မှတ်တမ်းတင်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထား လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ က ကြေညာခဲ့တယ်လို့ RNDP ပါတီက မြေပုံမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပြပါတယ်။

“အဲဒီအချက်တွေကို ကျနော်တို့က ကန့်ကွက်လွှာတင်တာပေါ့ဗျာ။ ဒါကြောင့် အဲဒီအစီအစဉ်ကို လွှတ်တော် နာယက-က အဲဒီလို ကန့်ကွက်တဲ့သူ ရှိလာတဲ့အတွက် အစီအစဉ် နံပါတ် ငါး ကို ရွှေ့ထားလိုက်ပါတယ်ဆိုပြီး ကြေညာသွားပါတယ်။ နောက်နေ့မှ ပြန်ပါမယ်ဆိုတဲ့သဘောမျိုး။ ဘယ်နေ့ ပြန်ပါလာမလဲတော့ မသိဘူးလေ။ ခေတ္တရွှေ့ထားလိုက်တယ်ဆိုပြီးတော့ ကြေညာပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တချို့က ကန့်ကွက်လာတဲ့အတွက်နဲ့ ဒီနေ့ သမ္မတကြီးရဲ့ သဝဏ်လွှာကို မှတ်တမ်းတင်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်ပေါ့နော်။ ကျနော်တို့ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အကုန်လုံး ၁၄ ယောက်ကပေါ့။ အချက် ကိုးချက်နဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်လွှာ တင်ထားပါတယ်။ ကျနော်တို့ပါတီကို ကျနော်တို့ ပြည်သူတွေကို စွပ်စွဲထားတဲ့အချက်တွေက တော်တော် ပြင်းထန်နေတဲ့အတွက် အဲဒီအပေါ်မှာ တချက်ချင်း ပြန်ရှင်းပြထားပါတယ်။ ”

ပြည်ထောင်စုလွှတ်တော်က အခုလို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက် ချလိုက်တာကိုက သူတို့ရဲ့အဆို တစိတ်တပိုင်း အောင်မြင်တယ်လို့ ယူဆလို့ ရနိုင်ကြောင်းလည်း ဦးဖေသန်းက ဆက်ပြောပြပါတယ်။

“ပြည်သူတွေကလည်း တောင်းဆိုကြတယ်။ ကျနော်တို့ပါတီဝင်တွေကလည်း ဒါတွေဟာ ကျနော်တို့ ပါတီကိုရော၊ သံဃာတော်တွေကိုရော၊ ရခိုင်လူထုကိုရော အလွန်အကျွံပဲ အပြစ်ပုံချထားတဲ့ သဘော မျိုး ဖြစ်လို့ ကန့်ကွက်ရမယ်ဆိုတဲ့ တာဝန်ရှိရှိနဲ့ ကျနော်တို့ ကန့်ကွက်တာပဲ။ ဒါပေမဲ့ ဒီအစီအစဉ်ထဲမှာ ဒီအတိုင်း ပြန်ပါလာမယ်ဆိုရင်တော့ ကျနော်တို့က တရားဝင်ကန့်ကွက်ရမှာပေါ့။ အခုတော့ သူတို့က ညှိနှိုင်းပေးတဲ့ အဆင့်ပုံစံမျိုးနဲ့ ခေတ္တရွှေ့ဆိုင်းထားတယ်ဆိုတဲ့ သဘောမျိုး။ အဲဒီတော့ ကျနော်တို့ရဲ့ attention ဟာ တဝက်တပျက် အောင်မြင်တယ်ဆိုတဲ့ သဘောမျိုး ခံယူတာပေါ့နော်။ နောက် ဘယ်လို လုပ်ပြီး ပြန်ပဲဖြည့်မလား၊ ဒီအတိုင်းပဲပြန်ဖတ်မလား၊ ဒါမှ မဟုတ် ဒီ အစီရင်ခံစာကို သုံးသပ်ချက် ကို ပြန်ပြီးတော့ ရေးမလား၊ တခုခုတော့ သူတို့ဘက်က ပြန်ပြီးတော့ လုပ်ပေးနိုင်တာပေါ့နော်။”

နိုင်ငံတော်သမ္မတကိုယ်တိုင်က သြဂုတ်လ ၁၅ ရက် ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေးကော်မရှင်ထဲမှာ RNDP ပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်ကို အဖွဲ့ဝင်အဖြစ် ထည့်ထားပြီးနောက်မှာ သမ္မတရဲ့ သဝဏ်လွှာ ထွက်လာတာပါ။

တကယ်လို့ အခုလို သမ္မတရဲ့ သဝဏ်လွှာကို ကန့်ကွက်မှုနဲ့ လွတ်လပ်တဲ့ကော်မရှင်အဖြစ် ရပ်တည်နိုင်မှုကို ထိခိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က ထွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ရပ်တည်မှု အခြေအနေကို သိချင်လို့များ၊ လူထုရဲ့ ခံစားချက်တွေ အခြေအနေအမှန်ကို သိစေချင်လို့များ ကျနော်တို့ကို ထည့်ထားသလားဆိုတာ သုံးသပ်ပါတယ်။ တကယ်လို့များ မလိုအပ်ဘူး ဆိုလို့ရှိရင်လည်း အချိန်မရွေး လွတ်လပ်တဲ့ ကော်မရှင်က ထွက်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့ မပါမှဘဲ လွတ်လပ်တဲ့ ကော်မရှင်အဖြစ် ပီပြင်သွားမယ်ဆိုရင် နုတ်ထွက်သွားဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ရခိုင်ဒေသ ရေမြေ အခြေအနေကို ပီပီပြင်ပြင်လေးနဲ့ သုံးသပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဖို့ လိုပါတယ်။ ကော်မရှင်မှာ ရခိုင်ကို ကိုယ်စားပြုတာ ကျနော် တစ်ဦးပဲ ရှိတယ်။ ဗုဒ္ဓဘာသာကို ကိုယ်စားပြုပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း သံဃာထဲမှာလည်း မပါဘူး။ ရခိုင် မျိုးနွယ်စုနဲ့ ပတ်သက်တဲ တတ်သိပညာရှင်တွေကလည်း မပါဘူး။ ”

သမ္မတရဲ့ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဖို့ အခု ဆိုင်းငံ့ထားပေမယ့် လည်း နောင်မှာ ပြန်ပြင်ပြီး တင်သွင်းတာမျိုးလည်း လုပ်လို့ ရနိုင်သေးတယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

လွှတ်တော်ဘက်က၊ ဒါမှမဟုတ် သမ္မတရုံးဖက်က တစုံတရာ စတင် မလုပ်ဆောင်မခြင်းတော့ ဒီကိစ္စ ဟာ ဒီအတိုင်းပဲ ဆက်ရှိနေဦးမယ်လို့လည်း လွှတ်တော်အမတ်တွေက ပြောပါတယ်။

မူလအစီအစဉ်အရ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းဝေးကို မနက်ပိုင်းမှာ ပုံမှန် အတိုင်း ကျင်းပဖို့ရှိပေမယ့်လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ သမ္မတ ဦးသိန်းစိန်တို့ အစည်းဝေးပြုလုပ်နေတာ အချိန်မီ ပြီးမြောက်ခြင်း မရှိတဲ့အတွက် အမတ်တွေ လွှတ်တော် ညီလာခံထဲ အစုံအလင်ရောက်ပြီး အချိန် အတော်ကြာမှ လွှတ်တော်ဥက္ကဋ္ဌ မလာနိုင်တဲ့ အတွက် လွှတ်တော် အစည်းဝေး မကျင်းပဖြစ်တဲ့အကြောင်း အသိပေး အကြောင်းကြားခဲ့တယ်လို့ လွှတ်တော် တက်ရောက်ခဲ့တဲ့ အမတ်တွေက ပြောပါတယ် ခင်ဗျား။
XS
SM
MD
LG