သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ စီးပွားရေး ဒဏ်ခတ်မှု အမေရိကန်သက်တမ်းတိုး


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တာကို ပိတ်ပင်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု အမိန့်ကို သမ္မတ အိုဘားမားက နောက်ထပ် တစ်နှစ် သက်တမ်းတိုး လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စိုးရိမ်စရာ အခြေအနေတွေ အချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ ကို အလွန်အမင်း ခြိမ်းခြောက်မှု ဆက်ရှိနေ တာကြောင့် အရေးယူမှုကို အခုလို ထပ်ပြီး သက်တမ်းတိုးတာဖြစ်တယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတော့ မဟုတ်ဘဲနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တဲ့ အမိန့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှုကို ကန့်သတ်တားမြစ်တဲ့ သမ္မတရဲ့ ၁၉၉၇ခုနှစ် မေလ ၂၀ရက်နေ့ ထုတ်ပြန်ချက် အဆက်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၈ခုနှစ်မှာ တစ်ကြိမ် သက်တမ်းတိုးခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းတိုး ခဲ့တာပါ။ သမ္မတရဲ့ ဒီအမိန့် ထုတ်ပြန်ချက်အရ ဆိုရင်တော့ အမေရိကန် စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံ စီးပွားရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့လည်း ခြွင်းချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ် လုပ်ဆောင်တာကို ကန့်သတ် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး ရူ့ထောင့်ကနေပြီးတော့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ကို စုံစမ်း သုံးသပ်ပြီးတော့ အများပြည်သူ သိအောင် အစီရင်ခံစာ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။

အခုလိုမျိုး သမ္မတအမိန့်နဲ့ ဒီအရေးယူမှုကို သက်တမ်းတိုးတဲ့အပေါ် အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ USCB (U.S Campaign for Burma) က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးမှာ လိုအပ် ချက်တွေ ရှိနေတုန်းပဲ ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြုလိုက် တာဖြစ် တယ်လို့ USCB ရဲ့ အမှုဆောင်ဒါရိုက်တာ Jennifer Quigley က VOA ကိုပြောပါတယ်။

"USCB နဲ့ တခြား အဖွဲ့အစည်းတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဒီအရေးယူမှုကို ဆက် သက်တမ်းတိုးပေးဖို့ သမ္မတ အိုဘားမားထံကို အခုလ အစောပိုင်း တုန်းကပဲ တောင်းဆိုစာ ပို့ခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီးတော့ ရှိနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှု မလုပ်တာ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဆက်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခုလိုမျိုး တောင်းဆိုရတာပါ။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံထဲ လိုအပ်ချက်တွေရှိနေတုန်းပဲ၊ ပြဿနာတွေ ရှိနေတုန်းပဲ ဆိုတာကို အသိအမှတ်ပြုပြီးတော့ အခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ ဝမ်းမြောက်မိပါတယ်"

USCB အမှုဆောင်ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာပါ။

သမ္မတ အိုဘားမားရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ အနျူမြူ အေဂျင်စီ IAEA ရဲ့ နျူကလီးယား ဘေးကင်း လုံခြုံမှုဆိုင်ရာ ဖြည့်စွက်ချက်ကို သဘောတူ လက်မှတ်ရေးထိုးတာ အပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြု ထားပါတယ်။

ဒါပေမဲ့လို့ လူနည်းစု တိုင်းရင်းသား ဒေသတွေ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေနဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာ စစ်တပ်က ဆက်ပြီးတော့ နေရာယူထားတဲ့ အခြေအနေတွေ ရှိနေတုန်းပဲလို့ သမ္မတ အိုဘားမားက သူ့ကြေညာချက် မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို အလွန်အမင်း ခြိမ်းခြောက်မှုအဖြစ် ဆက်ဖြစ်နေ တာကြောင့် သက်တမ်းတိုးဖို့ အတွက် ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခု ဒီသမ္မတရဲ့ အမိန့်စာမှာ ပါတဲ့အတိုင်း ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကို ထိခိုက်မှု ရှိမရှိ စုံစမ်း စစ်ဆေးပြီးတော့ အများပြည်သူကို ထုတ်ပြန်ပေးတဲ့နေရာမှာတော့ အားနည်းမှုတွေ ရှိနေတုန်းပဲလို့ USCB ကတော့ ဝေဖန်ပါတယ်။

"အခုအချိန်အထိတော့ မြန်မာနိုင်ငံထဲ အမေရိကန်ကနေ သွားရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေဘက်က တင်ပြချက်တွေ ပြည့်စုံမှု မရှိသေးပါဘူး။ သူတို့လုပ်ငန်းတွေဟာ လယ်မြေသိမ်းယူမှုတွေနဲ့ မပတ်သက်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချိုးဖောက်မှုတွေ မဖြစ်ခဲ့ပါဘူး ဆိုတာကို အသေအချာ စုံစမ်းစစ်ဆေးပြီး အစီရင်ခံနိုင်တာ ကုမ္ပဏီတစ်ခုပဲရှိပါတယ်။ အခြား ကုမ္ပဏီတွေ ရဲ့ အစီရင်ခံချက်တွေမှာတော့ မပြည့်မစုံဖြစ်နေတုန်းပါ။ ဒါကြောင့်မို့ လို့ ကျန်တဲ့ ကုမ္ပဏီတွေကို ဆက်ပြီးတော့ ပိုပြီးတော့ အသေးစိတ် ထုတ်ပြန်နိုင်ဖို့အတွက် ဖိအားပေးသွားမှာပါ။"

USCB က အမှုဆောင် ဒါရိုက်တာ Jennifer Quigley ပြောဆိုသွားတာဖြစ် ပါတယ်။


လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေ ထဲ Western Union၊ Coca Cola အပါအဝင် လုပ်ငန်းငါးခုလောက်ပဲ အများပြည်သူ သိအောင် အစီရင်ခံထားတယ်လို့ သိရပါတယ်။

အမေရိကန်က ပြဋ္ဌာန်းပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အရေးပေါ် အက်ဥပဒေအရ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်လာနိုင်တဲ့ အခြေအနေမှာ သမ္မတအနေနဲ့ အခုလိုမျိုး အရေးယူ၊ အမိန့်ထုတ်ပြန်နိုင်တဲ့ အခွင့်အာဏာ ကို ပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဒီလုပ်ပိုင်ခွင့်အရ သမ္မတ အိုဘားမားရဲ့ လက်မှတ်နဲ့ အရေးယူမှုကို သက်တမ်းတိုးတဲ့ အခုအမိန့်ကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အကြီးအကဲတွေကိုပါ သမ္မတအိုဘားမားက လက်မှတ်ထိုး ပေးပို့ထားပါတယ်။
XS
SM
MD
LG