သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတ နဲ့ ဒေါ်စုကို သမ္မတ အိုဘားမား ဆက်သွယ် စကားပြော


အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင်း တယ်လီဖုန်း ပြောနေစဉ်။
အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်တွင်း တယ်လီဖုန်း ပြောနေစဉ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ဝါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ဒီကနေ့ သောကြာနေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါဝင် စစ်တပ် ကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်း နိုင်ငံရေးပါတီကြီး ၆ ခုက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး စကားပြောကြဖို့ စီစဉ်ထားပါတယ်။

မစ္စတာအိုဘားမား ဟာ သမ္မတ တစ်ဦး အနေနဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် အဖြစ် ရှေ့လမှာ သွားရောက်ဖို့ စီစဉ် ထားပါတယ်။ ခရီးစဉ်အတွင်းမှာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်မှုတွေကို ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံတကာက အသိမှတ်ပြုလက်ခံတဲ့ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က ရေးဆွဲထားတဲ့ ရခိုင် Action Plan ကို ပြန်လည် သုံးသပ်ဖို့အပါအဝင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ သတင်းသမားတွေကို အကျဉ်းချမှု၊ စစ်တပ်က လူမျိုးစု တိုင်းရင်းသားတွေကို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ဖမ်းဆီးနေမှု၊ နိုင်ငံမဲ့အဖြစ် သတ်မှတ်ထားတဲ့ ရိုဟင်ဂျာ တွေကို ဖိနှိပ်နေမှု စတာတွေကြောင့် အမေရိကန် ပြည်ထောင်စုက စိုးရိမ်မှုတွေ တိုးများလာနေတဲ့ အချိန်လည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ ကျင်းပမယ့် အစည်းအဝေးဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG