သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု သမ္မတစာရင်း ခန့်မှန်းချက်ပေးခံရသူတွေ အကြောင်း


NLD chairperson attends parliament
NLD chairperson attends parliament

လွှတ်တော်မှာ သမ္မတ ရွေးချယ်ရေး လုပ်ငန်းတွေ မနက်ဖြန် စတင်တော့မယ့် အချိန်မှာ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေက တင်သွင်းရမယ့် ဒုတိယ သမ္မတလောင်းတွေ အဖြစ် ဒေါက်တာ မျိုးအောင်၊ ဦးထင်ကျော်နဲ့ ဦးစိုင်းညွန့်လွင်တို့ကို အများက ထင်ကြေးပေး နေကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေလဲ ဆိုတာနဲ့ သူတို့ရဲ့ နိုင်ငံရေး သမိုင်းကြောင်း တစေ့တစောင်းကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး အကြိမ်အဖြစ် အရပ်သား အစိုးရသစ် အပြောင်းအလဲမှာ သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာကို ပြည်တွင်း ပြည်ပ ထင်ကြေးပေး သုံးသပ်နေကြတဲ့ အထဲ အများစု ထင်ကြေးပေးခံရသူ ကတော့ ဒေါက်တာ မျိုးအောင် ဖြစ်ပါတယ်။ ဒေါက်တာ မျိုးအောင်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး လောကကို ခြေချလာသူ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရချိန်ကစလို့ အခုအချိန်ထိ ပါတီရဲ့ အမာခံ နိုင်ငံရေး သမား တဦး ဖြစ်ပါတယ်။ သူဟာ ဘယ်လို ပုဂ္ဂိုလ် တဦးလဲ ဆိုတာကိုတော့ NLD ပါတီမှာ နှစ်ပေါင်းများစွာ အတူ အလုပ်လုပ်ခဲ့ကြတဲ့ NLD ရဲ့ ဗဟိုကော်မတီဝင်ဟောင်း ဦးစောနိုင်းနိုင်းက အခုလို ပြောပါတယ်။

“ဒေါက်တာမျိုးအောင်က ဟိုးအရင် ၈၈ ပါတီ စဖွဲ့ပြီးအချိန်မှာတော့ သူတို့ က ဒီမိုကရေစီပါတီကပေါ့။ နောက်ကျတော့ NLD ပါတီကို ပြောင်းသွားတယ် ၉၀ လောက်မှာလေ။ အဲဒီ ၉၀ ခုနှစ်က စပြီးတော့ တောက်လျှောက် NLD မှာပဲလုပ်ပါတယ်။ ရိုးရိုးသားသားတာဝန်ကျေ အချိန်ပြည့်လုပ်ခဲ့ပါတယ်။ အခုထိလုပ်နေပါတယ်။ ဦးတို့နဲ့လည်း အတူအတူလုပ်တယ်။ ဦးက ရန်ကုန်တိုင်းတာဝန်ခံလုပ်တော့ သူက ဒဂုံအရှေ့ဘက်မှာ ရွေးကောက်ပွဲတွေ ဘာတွေဝင်တဲ့အခါမှာ ဦးလည်းသွားပြီး ချီးမြှင့်ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပါ။ ဘာပဲဖြစ်ဖြစ် သူက ဒီနိုင်ငံရေးပါတီမှာ ဒီပါတီမှာ တောက်လျှောက်လုပ်ခဲ့တဲ့သူတယောက်ပဲလေ။ ကျန်တာ ကြိုးစားအားထုတ်မှုရှိတယ်။ ဘာမှပြောစရာမရှိပါဘူး။

မေး။ ။ ဒေါက်တာမျိုးအောင်က စစ်တပ်မှာလည်း တာဝန်ထမ်းဆောင်ခဲ့တယ်လို့လဲ သိခဲ့ရပါတယ်ရှင့်။ အဲဒါရော ဟုတ်ပါလားရှင့်။

ဖြေ။ ။ အဲဒါက ဒီလို စစ် စတိုင်ပင် (Stipend) ဆရာဝန် အနေနဲ့ ဒေါက်တာမျိုးအောင်တို့၊ ဒေါက်တာ စိန်ဝင်းတို့ဟာ Service (အမှုထမ်း) လုပ်ရတယ်၊ Serve လုပ်ရတယ်။ အဲဒါ စစ်တပ်က ဆရာဝန်လို့တော့ ပြောလို့မရဘူး။ ဆေးကျောင်းတက်တဲ့အခါမှာ အဲလိုလုပ်ခဲ့တဲ့လူတွေလေ။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် လက်ရှိ ရွေးကောက်ခံ လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ အာဏာလွှဲပြောင်းရေး အစည်းအဝေးတွေမှာလည်း NLD ပါတီ ကိုယ်စားပြု ဆွေးနွေးနေသူဖြစ်ပါတယ်။ နောက် NLD ပါတီကနေ ဒုတိယ သမ္မတလောင်း အမည်စာရင်းတင်သွင်းနိုင်ခြေ ရှိသူ နောက်တဦး အဖြစ် ထင်ကြေးပေးခံနေရသူကတော့ ဦးထင်ကျော် ဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ ဆရာကြီး မင်းသုဝဏ်ရဲ့ သားဖြစ်ပြီး လက်ရှိ NLD လွှတ်တော်အမတ် ဒေါ်စုစုလွင်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးစောနိုင်းနိုင်း ပြောပြတဲ့ ဦးထင်ကျော် အကြောင်းကတော့

“ ဦးထင်ကျော်ကတော့ သူတို့အဖေ ဆရာကြီး မင်းသုဝဏ်ကတော့ အရင်တုန်းက ကမာရွတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ပေါ့လေ။ နောက်တော့လည်း သူလည်း အသက်ကြီးသွားတော့ မလုပ်ဘူးပေါ့။ ဦးထင်ကျော်ကတော့ ပါတီ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းကတော့ သိပ်မလုပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှာ သူရော သူ့မိန်းမရော လုပ်တာတော့ရှိပါတယ်။ အဲလောက်တော့ရှိပါတယ်။ ပါတီအဖွဲ့အစည်းရဲ့ အဆင့်ဆင့်တွေ အနေနဲ့တော့ သိပ်တော့ ပါတီတာဝန်တွေကို အချိန်ပြည့်ထမ်းဆောင်တာတော့မရှိပါဘူး။ ပညာအရည်အချင်းလည်းရှိပါတယ်။ နိုင်ငံခြားကလည်း Diploma ၊ မြန်မာပြည်မှာဆို အစောဆုံး ကွန်ပြူတာနဲ့ ပတ်သက်တဲ့ Diploma တွေရခဲ့တာပေါ့။ အင်္ဂလန်ကလားမသိဘူး ဟုတ်တယ်။”

နောက်ထပ် ဒုတိယ သမ္မတလောင်း တင်သွင်းခံရနိုင်ခြေ ရှိတယ်လို့ ထင်ကြေးပေးခံရသူကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ခေါင်းဆောင် တဦးဖြစ်သူ စိုင်းညွန့်လွင် ဖြစ်ပါတယ်။ ရန်ကုန်မှာ မွေးဖွားကြီးပြင်းခဲ့သူ စိုင်းညွန့်လွင်ဟာ ရှမ်းတိုင်းရင်းသားတွေထဲတင် မဟုတ်ဘဲ ဗမာ အပါအဝင် တိုင်းရင်းသား အားလုံးက လက်သင့်ခံနိုင်တဲ့ ပုဂ္ဂိုလ် တဦးဖြစ်တယ်လို့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ Pyidaungsu Institute ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခွန်ဆိုင်းက ပြောပါတယ်။

“စိုင်းညွှန့်လွင်က သူက လက်နက်ကိုင်အဖွဲ့တွေနဲ့ သူကပေါင်းပြီးတော့မှ သူက ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ဆိုတာ ၁၉၉၆ ကတည်းက သူတို့ ပေါင်းပြီးတော့ လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီ လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာလည်း သူ့ကို လေးစားကြတယ်။ ဒီလူထုကြားထဲမှာ ဆိုရင်တော့ ပိုပြီးတော့မှ လေးစားတာကို တွေ့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂ ယောက်စလုံးက ၂၀၀၅ ကနေ ၂၀၁၂ အထိ ထောင်ကျခဲ့တာကို။ နိုင်ငံရေးမှုနဲ့ထောင် ကျခဲ့တယ်။ နှစ်ပေါင်း ၈၀ ကျော်သူတို့ ဒဏ်ခတ်ခံရပြီးတော့မှ ထောင်ကျခဲ့တဲ့အခါကျတော့ သူတို့ကို လူထုအသိုင်းအဝိုင်းမှာဆိုရင်လည်း အများကြီးလေးစားတာပေါ့ဗျာ။”

သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကိုတော့ လွှတ်တော်အသီးသီးမှာ မတ်လ ၁၀ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး မတ်လ ၁၇ ရက်၊ ၁၈ ရက်နေ့လောက်မှာ သမ္မတ၊ ဒုတိယ သမ္မတ (၁) နဲ့ ဒုတိယ သမ္မတ (၂) တို့ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ရွေးချယ်မယ်လို့လည်း ခန့်မှန်းရပါတယ်။

XS
SM
MD
LG