သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးသမားများကို ဖိနှိပ်တဲ့ ဥပဒေများ ဖျက်သိမ်းတော့မည်


သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စု လွှတ်တော် တက်ခဲ့စဉ်။ (မတ်လ၊ ၂၀၁၆)
သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စု လွှတ်တော် တက်ခဲ့စဉ်။ (မတ်လ၊ ၂၀၁၆)

၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ နဲ့ နိုင်ငံတော် အားနှောက်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွေကို ရုပ်သိမ်းဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်နေပါပြီ။ ဒီဥပဒေတွေဟာ လက်ရှိဒီမိုကရေစီစနစ်နဲ့လည်း ကိုက်ညီမှုမရှိပဲ ၊ ရုပ်သိမ်း ဖို့ ပြင်ဆင်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်အသီးသီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အာဏာရှင်အစိုးရအဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားတွေ နဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာ လက်ကိုင်တုတ် တခုသဖွယ် အသုံးပြုခဲ့တဲ့ ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ နဲ့ ၁၉၇၅ နိုင်ငံတော်အားနှောက်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေတွေကို ရုပ်သိမ်းဖို့အတွက် သမ္မတ ဦးထင်ကျော်ရဲ့ အစိုးရသစ်က စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အရေးပေါ်စီမံမှုအက်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ
အရေးပေါ်စီမံမှုအက်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

အဲ့ဒီဥပဒေတွေကို ရုပ်သိမ်းဖို့ ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ ဒီဥပဒေကြမ်းတွေကို မကြာခင်ရက်ပိုင်းတွေအတွင်းမှာလည်း လွှတ်တော်ကို တင်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဗွီအိုအေကိုပြောပါတယ်။

နိုင်ငံရဲ့ လက်ရှိအခြေအနေ အရ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေဟာ မလိုအပ်ဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကကြီး ဦးတင်ဦးက ပြောပါတယ်။

" ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ဆိုတာလည်း အခုနိုင်ငံတော် ဘာမှ အရေးပေါ်တာမှ မဟုတ်ပဲနဲ့။ ဆိုတော့ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ကလည်း မလိုဘူး။ သူ့မှာ တကယ်လို့ ဒီနေရာမှာ Emergency အရေးပေါ်ဖြစ်တယ်ဆိုရင် သမ္မတက ကြေညာရမယ်။ သမ္မတက ကြေညာမှသာလျှင် Emergency အရေးပေါ်ဖြစ်တယ်။ သမ္မတ မကြေညာတဲ့နေရာက အားလုံးအေးချမ်းရမယ်။ ဒီလို သွားတဲ့ မူပဲ။ အားလုံးကို အားလုံးက တပြည်လုံးက Emergency ဆိုလုပ်ပြီးတော့ ဒီဥပဒေတွေ လုပ်တာ အင်မတန်မှပဲ ကြမ်းတမ်းလွန်းတယ်။ အင်မတန်မှပဲ ပြည်သူလူထု ရဲ့ လုံခြုံမှုကို ထိခိုက်လွန်းတယ်။ အဲ့တော့ အဲ့တာတွေကို ထည့်သွင်းပြင်ဆင်ရမယ်။ အဲ့တာကြောင့် ဒီလိုဖျက်သိမ်းပစ်လိုက်တာကို ကျနော်တို့က ဝမ်းသာတယ်။ ဖျက်သိမ်းပစ်လိုက်။"

၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာကတည်းက လွှတ်တော်ခေါ်ယူဖြစ်ခဲ့ရင် ဒီဥပဒေတွေကို လုံးဝဖျက်သိမ်းဖို့အတွက် CRPP လို့ခေါ်တဲ့ လွှတ်တော် ကိုယ်စားပြုကော်မတီက ပြင်ဆင်ခဲ့တာတွေရှိတယ်လို့လည်း ဦးတင်ဦး ကပြောပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်အတွင်းမှာလည်း အခုလို ခေတ်နဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ပြောတာတွေရှိခဲ့ပေမယ့် မဖျက်သိမ်းပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ - ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ပြီး ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဥပဒေတွေ နဲ့ အမိန့်မှန်သမျှ ကိုပယ်ဖျက်ပြီး၊ အကာအကွယ်ပေး ဖို့ က လွှတ်တော်ရဲ့ တာဝန်ဖြစ်ပြီး၊ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ၊ ဒီဥပဒေတွေ ရုပ်သိမ်းဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး သူပြောတာကတော့-

"တချိန်တုန်းကတော့ ကျနော်တို့ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့ ရည်ရွယ်ချက်နဲ့ အခုနက ပြောတဲ့ ခေါင်းစဉ်ကြီးကြီးတွေပေါ့လေ နိုင်ငံတော်လုံခြုံရေးတို့ ဆိုတာက အစပေါ့ အဲ့တာမျိုးက နှိပ်ကွပ်ဖို့ အကြောင်းပြခဲ့တဲ့ ခေါင်းစဉ်တွေဖြစ်တယ်။ တကယ် နိုင်ငံရေး လွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်စဉ်းစားမယ်ဆိုရင် အခုဖျက်သိမ်းမယ့် ဥပဒေတွေအတွက်တော့ နိုင်ငံရေးသမားတွေ လွတ်လပ်ခွင့်ကို အာမခံမယ်လို့ ကျနော်တော့ မျှော်လင့်တာပဲ။ နိုင်ငံရေး လို့ပြောရမယ် ဆိုရင် နိုင်ငံရေးသမား ချည်းပဲ မဟုတ်ဘူးဗျ။ နိုင်ငံသားမှန်သမျှကို လုံခြုံစေချင်တာ။ သူတို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး ရစေချင်တာ။ အဲ့တော့ ခုနက ကျနော်ပြောသလိုပါပဲ နိုင်ငံသားတွေကို မတရားသဖြင့် ဖိနှိပ်ဖို့ထားတဲ့ ချုပ်ချယ်ဖို့ ထားတဲ့ ဥပဒေအမည်ခံတွေကို ဖျက်ပစ်ရမယ်။ ပြီးတော့ ကာကွယ်စောင့်ရှောက် ရမယ့် လုံခြုံမှု ပေးနိုင်မယ့် ဥပဒေတွေကို ထုတ်ပြန်ပေးဖို့ပါပဲ။"

ဒီဥပဒေတွေဟာ အစိုးရက သူဟာသူ အကာအကွယ်ယူပြီး အများပြည်သူကို ဒုက္ခပေးနိုင်တဲ့ ဥပဒေတွေဖြစ်တယ်လို့ ရှုမြင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

"အဲ့တာတွေ ရုပ်သိမ်းလိုက်တာတော့ ကောင်းတာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီဟာက နှစ် ၂၀၊ ၃၀ လောက် မကဘူး။ ဒီကျနော်တို့ နိုင်ငံရေးသမားတွေ ကို ကောင်းကောင်း ဒုက္ခပေးခဲ့တာ။ အဲ့ဒီ့ပုဒ်မက သူတို့ မလိုရင်မလိုသလို ဒီပုဒ်မကို အသုံးချပြီးတော့ ဖမ်းတာဆီးတာ ဒုက္ခပေးတာတွေ လုပ်တာပေါ့။ အင်မတန်ကြောက်စရာကောင်းတဲ့ ဥပဒေပါ ဒါ အစိုးရတရပ်ကို သူ့ကိုယ်သူ ကာကွယ် နိုင်အောင် လုပ်ထားတဲ့ ဥပဒေဖြစ်နေတယ်။ ဒါ အများပြည်သူ ကို ဒုက္ခပေးနိုင်တဲ့ ဥပဒေဖြစ်နေတယ်။ ရုပ်သိမ်းလိုက်တာတော့ ကောင်းပါတယ်ဗျ။"

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည် ဥပဒေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ဦးသန့်အရေးအခင်း အပါအဝင် အလုပ်သမားဆန္ဒပြမှုတွေ နဲ့ တခြား ဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့ အတွက် ရည်ရွယ်ပြီး ဒီ ဥပဒေ ကို ထုတ်ပြန်ခဲ့ တာဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ဒီဥပဒေပုဒ်မ ၁၀(ခ) နဲ့ နှစ်ပေါင်း များစွာ နေအိမ် အကျယ်ချုပ် နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဦးကြည်ဝင်းကတော့ ဘာကြောင့် ရုပ်သိမ်းသင့်သလဲဆိုတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

" ဘာဖြစ်လို့ ရုပ်သိမ်းသလဲဆိုရင် ဒီမိုကရေစီမဆန်တဲ့ ဥပဒေ။ ဒါပဲ။ မှတ်မိသလောက်ပြောရရင် ဒေါ်စုကို ဒီဥပဒေနဲ့ သုံးပြီး သုံးကြိမ် သုံးခါ အကျယ်ချုပ် လုပ်ခဲ့တယ် အားလုံးပေါင်း စုစုပေါင်း ၁၆နှစ်လောက် ကြာသွားတယ်။ ဒါက တပိုင်း။ ဒါက ရက်စွဲတွေနဲ့ကိုပဲ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် အများဆုံး ငါးနှစ်လို့ ဆိုတယ်။ ဥပဒေမှာ ဆိုတာ ငါးနှစ်လို့ ဆိုတယ်။ ဒါပေမဲ့ နဝတက ငါးနှစ်ကျော် ၊ ခြောက်နှစ် နီးပါးလောက် ချတယ်။ ဘယ်သူမှလည်း ဘာမှ မပြောနိုင်ဘူး။ ဟုတ်လား။ ဒီမိုကရေစီ မဆန်ဘူး။"

၂၀၀၃ ခုနှစ် ဒီပဲယင်းတိုက်ခိုက်မှုအပြီး စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးကို နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေပုဒ်မတွေ နဲ့ အရေးယူနေအိမ် အကျယ်ချုပ်ချ ခဲ့တာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ပိုင်းမှာ ပြစ်ဒဏ်တွေ ဆက်တိုးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG