သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချုပ်အခြာထိပါးမှုနဲ့ ခွဲထွက်ရေးကလွဲရင် ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန် တခါးဖွင့်ထား


နိုင်ငံရေးပါတီဝင်များနဲ့ သမ္မတဦးသိန်းစိန်တို့ တေါ့ဆုံပွဲ။ (မတ် ၃၀၊ ၂၀၁၄)
နိုင်ငံရေးပါတီဝင်များနဲ့ သမ္မတဦးသိန်းစိန်တို့ တေါ့ဆုံပွဲ။ (မတ် ၃၀၊ ၂၀၁၄)
သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လုပ်ဆောင်ချက်တွေထဲက အဓိက ထားဖော်ဆောင်နေတဲ့အချက်တွေကို နိုင်ငံရေးပါတီ ၆၀ ကျော်နဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ရှင်းလင်းပါတယ်။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်မယ့် လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ အနာဂတ်မြန်မာနိုင်ငံဖော်ဆောင်ရေးတို့မှာ လက်ရှိအစိုးရ လုပ်ဆောင်နိုင်ခဲ့တာတွေကို သမ္မတက နိုင်ငံရေးပါတီတွေကို ချပြခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဘက်က လက်ရှိအစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ နိုင်ငံရေး ပါတီ ၆၅ ပါတီရှိတဲ့ အထဲက ပါတီ ၆၂ ခုတို့က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲပါတယ်။ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တမျိုးသားလုံး ဖွွံံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်တဲ့အနာဂတ် ဖြစ်ပေါ်လာရေးကို လုပ်ဆောင်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ ဒီလုပ်ငန်းစဉ်တွေထဲကမှ နိုင်ငံရေးပါတီတွေကို သူ့အနေနဲ့ အထူး တင်ပြချင်တဲ့အချက် သုံးချက်ကတော့ အပစ်အခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးချိန်မှာ ပါဝင်သင့်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပမှာဖြစ်တယ်လို့လည်း သမ္မတက အခုလို ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေနဲ့ ကျင်းပသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက်မယ်ဆိုတဲ့ ဒီကိစ္စတွေကလွဲရင် အခြားကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်ဖို့အတွက် တခါးဖွင့်ထားပါတယ်။”

ဒုတိယအချက်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။
“တတိယအပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့သဘောထားကတော့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးကိုမှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တဘက်ကလည်း မိမိတို့အမျိုးသား အကျိုးစီးပွားနဲ့ မိမိတို့ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေမယ့်၊ သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်တဲ့ အခြေခံမူများ ရှိဖို့လည်း လိုလားပါတယ်။”

တတိယအချက်ဖြစ်တဲ့ ဖွံဖြိုးရေးလုပ်ငန်းစဉ်အဖြစ် လက်ရှိအစိုးရက ပုံဖော်ဆောင်ရွက်နေတာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်လို့ သမ္မတဦးသိန်းစိန်က ဝန်ခံပြောဆိုပါတယ်။ လက်ရှိအစိုးရ လက်ထက်အတွင်း ဆောင်ရွက်ချက်တွေအပေါ်မှာ နိုင်ငံရေးပါတီတွေဘက်ကလည်း ပြန်လည်ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ချက်၊ နောက် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု၊ လေးစားမှု ပိုပြီး ရှိအောင် လုပ်ဆောင်ဖို့၊ လာမယ့် ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိရေး ရွေးကောက်ပွဲကော်မရှင်မှာ တိုင်းရင်းသားတွေထည့်ဖို့ စတာတွေကို ထောက်ပြခဲ့ကြပါတယ်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးကြဖို့ အခုလို တိုက်တွန်းခဲ့ပါတယ်။

“လေးပွင့်ဆိုင်ဆွေးနွေးဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် လေးပွင့်ဆိုင်ရုံနဲ့ ကျနော်တို့မြန်မာနိုင်ငံရဲ့အနာဂတ် ကျနော်တို့က ဖော်ဆောင်လို့ ရမယ်မထင်ပါဘူး။ ဖြစ်နိုင်လို့ရှိရင် ငါးပွင့်ဆိုင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ တိုင်းရင်းသားဘက်က ကိုယ်စားလှယ်တစ်ဦးတော့ ထည့်ပေးစေချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျား။”

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးတို့ ငါးပွင့်ဆိုင် တွေ့ဆုံဆွေေးနွးဖို့ ဦးဇိုဇမ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် ဖယ်ဒရယ်စနစ်ကို နည်းမှန်လမ်းမှန် ကျင့်သုံးဖို့ ပြောဆိုခဲ့ပြီး ကချင်ပြည်နယ်အတွက်ရော မြန်မာတနိုင်ငံလုံးအတွက်ပါ အရေးပါလှတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို လုံးဝ အပြီးသတ် ရပ်ဆိုင်းရေးကိုလည်း အခုလို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“မြစ်ဆုံရေကာတာ ဘယ်လောက်အရေးကြီးလဲဆိုရင် မြစ်ဧရာနဲ့ပြည်မြန်မာဆိုတာ ခွဲခြားထားလို့မရဘူး။ မြစ်ဧရာထိခိုက်လို့ရှိရင် မြန်မာပြည်လည်း ထိခိုက်ပျက်စီးမှာပဲ။ ဒါကြောင့်မို့လို့ မြစ်ဆုံရေကာတာဟာ ဘယ်တော့မှ ပြန်စဖို့ မသင့်တော်ဘူး၊ ရာသက်ပန်ပိတ်ထားတာဖြစ်တယ်လို့ ကျနော်တို့ အဲလိုပဲ ခံယူတယ်။”

ဒေါက်တာတူးဂျာဟာ အရင် ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ခွဲထွက်မယ်ဆိုတဲ့ကိစ္စ ၂ ရပ်ကလွဲရင် တခြားကိစ္စအားလုံးကို ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ အခုလို နိုင်ငံရေးပါတီတွေနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံမှုဟာ ကြားဖြတ် ရွေးကောက်ပွဲ နီးလာချိန်မှာ ဖြစ်လာတာမို့ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေဘက်ကရော ဘယ်လို သဘောထားပါလဲဆိုတာကိုတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချိုကျော်ငြိမ်းက အခုလို ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲနီးလာလို့ တွေ့သလားလို့တော့ အန်တီက မထင်ပါဘူး။ အန်တီ့စိတ်ထဲမှာတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ အခြေခံဥပဒေကို ပြောင်းတာ မပြောင်းတာလည်းပါမှာပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲနီးတာလည်း ပါမှာပေါ့။ ပြီးတော့ ပါတီတွေကပြောတဲ့၊ ပါတီတွေကလာတဲ့အသံပေ့ါနော်- သူကြားချင်တယ်လို့ထင်ပါတယ်။ အန်တီတို့အနေနဲ့လည်း မြင်ရတယ်၊ တွေ့ရတယ်။ သမ္မတကြီးက ပြောတာဆိုတာကိုလည်း ကြည့်ပြီးတော့ အန်တီတို့အနေနဲ့တော့ သဘောကျပါတယ်။”

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီ ၆၂ ပါတီတို့က ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံပွဲမှာတော့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးတွေလည်း ပါဝင် တက်ရောက်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG