သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ မတ်လမိန့်ခွန်းအပေါ် အမြင်တချို့


မြန်မာသမ္မတဦးသိန်းစိန်
မြန်မာသမ္မတဦးသိန်းစိန်

ဖေဖော်ဝါရီလထဲမှာ ကျရောက်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို လေးစားအားကျရုံနဲ့မပြီးဘဲ တကယ်တမ်း လိုက်နာဆောင်ရွက်ကြဖို့ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံကို ပြောကြားတဲ့ လစဉ် ရေဒီယိုမိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ လက်ရှိအစိုးရအနေနဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာမို့ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပေမဲ့ ကျောင်းသားတွေက အခု သူတို့တောင်းဆိုနေတဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရဘက်က တကယ်လုပ်ချင်တဲ့ သဘောမတွေ့ရဘဲ အချိန်ဆွဲနေတာ တွေ့ရတယ်လို့ ကျောင်းသားတွေဘက်က ဝေဖန်ထားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီကနေ့ နိုင်ငံကို ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းအပေါ် အမြင်သုံးသပ်ချက် အကြံပြုချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ၂၀၁၅ ခုနှစ် မတ်လ (၁) ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကို ရေဒီယိုက တဆင့်ပြောကြားတဲ့မိန့်ခွန်းထဲ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုခိုင်မာဖို့ နိုင်ငံပြုပြင်ပြောင်းလဲရေးကြိုးပမ်းချိန်မှာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးစနစ်တရပ် အောင်မြင်စွာ ပေါ်ပေါက်လာနိုင်ရေး ရေတို၊ ရေရှည်အစီအမံတွေနဲ့ လွှမ်းခြုံစဉ်းစား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြပါလို့ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ကဏ္ဍစုံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု၊ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်းပဲ နှစ်ပေါင်းများစွာ ယိုယွင်းခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ပြင်ဆင်ဖို့ ကြိုးပမ်းတဲ့အခါ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေ ရှိတာဟာလည်း သဘာဝကျတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ရေးတိုက်တွန်းချက်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ (၁၅) ဦးအဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက အခုလို တုံ့ပြန်ပါတယ်။

“သမ္မတပြောတဲ့စကားက ယျေဘုယျကျလွန်းပြီးတော့ တကယ်တန်း ရှင်းလင်းပြတ်သားတဲ့အနေအထားတရပ်ကို ကျနော်တို့က မတွေ့ရဘူးဗျ။ တကယ်လို့သာ အဲလိုကိစ္စတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ ပေါ်လာနိုင်စရာမရှိဘူးလေ။ အခု နောက်ဆက်တွဲ ပြဿနာတွေ ပေါ်လာတာတောင်မှ အဲဒါကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် လုပ်မယ့်အနေအထားမျိုးကို ကျနော်တို့က မတွေ့ရဘူး။ ဒါ အပြင်မှာ၊ သတင်းစာထဲမှာ ဘယ်လောက်တိုက်ခိုက်နေသလဲဆိုတာကို ကြည့်ကတည်းကိုက သူတို့ပြောနေတဲ့စေတနာကို ကျနော်တို့ ရှာလို့မတွေ့ဘူး ဖြစ်နေတယ်။ ကျနော်တို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းဟာ မြန်မြန်ဆန်ဆန် လွှတ်တော်မှာ အကောင် အထည်ဖော်လာဖို့၊ အတည်ပြုလာဖို့ လိုအပ်တယ်။ အဲဒီဟာ မြန်မြန်ဆန်ဆန်ဖြစ်မှ သူနဲ့ဆက်စပ်တဲ့ နောက်ဆက်တွဲ ဥပဒေတွေ၊ နည်းဥပဒေတွေ ကလည်း မြန်မြန်ဆန်ဆန်ပေါ်ထွက်လာပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုကို သူတို့ သမ္မတသက်တမ်းမှာကိုက အများကျေနပ်လောက်အောင် သူတို့က ဖော်ဆောင်ပေးဖို့ သူတို့မှာ အခွင့်အရေး ရသွားနိုင်တယ်။ အမှတ်တောင် ရချင်ရမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲလိုတွေ မလုပ်ဘဲနဲ့ ဒီလို Delay လုပ်နေတာကိုက ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို သူတို့ တကယ်လုပ်ချင်တဲ့သဘော မရှိသေးဘူးဆိုတာကို ကျနော်တို့တွေ့ရတယ်ဗျ။”

သမ္မတဦးသိန်းစိန်က သူ့ရဲ့မိန့်ခွန်းထဲ မြန်မာနိုင်ငံတွင်း အလုပ်သမားအခွင့်အရေးရရှိရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်နိုင်ရေးဟာ ဆောလျင်စွာ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သော်ငြားလည်း မျှတတဲ့နှုန်းထား တစ်ခုပေါ်ပေါက်ဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်မှုများ၊ လေ့လာမှု များ၊ ဆွေးနွေးညှိနှိုင်းမှုများကို အမြင်ကျယ်ကျယ်၊ သဘောထား ကြီးကြီးထားပြီး သည်းခံ စိတ်ရှည်မှုနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။”

အလုပ်ရှင်-အလုပ်သမားကြား မပြေလည်မှုတွေနဲ့ ဆန္ဒပြသပိတ်မှောက်မှုတွေ မဖြစ်ပေါ်လာနိုင်ရေးက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးကို အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက အကြံပြုပါတယ်။

“အနိမ့်ဆုံးလုပ်ခလစာကတော့ တကယ်တန်းက မြန်မြန်ဆန်ဆန်လုပ်ရမယ့်အရာဖြစ်ပါတယ်။ ကျနော်တို့လည်း ဒါဖြစ်ဖို့အတွက် တောင်းနေကြတာပါပဲ။ ဆန္ဒပြမှုအတော်များများရဲ့အဓိကပြဿနာ့ဖြစ်တဲ့ အကြောင်းတွေက လုပ်ခ လစာနည်းပါးခြင်းပဲဖြစ်တယ်။ ဒီတော့ မြန်မြန်ဆန်ဆန်လုပ်ဖို့၊ သင့်တင့် လျောက်ပတ်တဲ့နှုန်းထားဖြစ်ဖို့ မြန်မြန်လုပ်ဖို့ လိုပါတယ်။ နောက်တခု ဥပဒေပိုင်းဆိုင်ရာ စကားလုံးများမှာ အလုပ်သမားတွေနားလည်ထားတာက ဥပဒေက သိပ်ပြီးတော့ သူတို့ကို အကာအကွယ်မပေးနိုင်ဘူးလို့ ယူဆထားတယ်။ အဲဒီတော့ ဒီဥပဒေကိုလည်း ပြင်ဆင်ရေးပေါ့။ တကယ်တန်းကျရင် အင်အားသုံးဖြေရှင်းရမယ့်အဆင့် မရှိပါဘူး။ တိကျကောင်းမွန်တဲ့နည်းလမ်း၊ စေ့စပ်ဆွေးနွေးရေးနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ရင် အလုပ်သမားတွေလည်း ကျေနပ်နိုင်မှာပေါ့နော်။ …..”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အပြီးသတ်ညှိနှိုင်းနိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေရေးဆွဲနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ဖော်ဆောင်နေချိန်မှာပဲ ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်က အခုလိုပြောကြားပါတယ်။

“ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် အစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြားမှာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နဲ့အညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ သဘောတူညီထားပြီး ဖြစ်ပါတယ်။”

ကိုးကန့်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေး ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း စီမံ ဆောင်ရွက်နေပြီလို့ သမ္မတက ပြောပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြည့်စုံလုံလောက်တဲ့ အဆင့်မရှိသေးဘူးဆိုတာကိုလည်း အားလုံးက လက်ခံရမယ်လို့ သမ္မတကပြောသလို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးတွေကို မတ်လလယ်မှာ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ် ဆိုတာကိုလည်း ပြည်သူကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ကို ထူးခြားချက်အဖြစ် ပြောဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တွေကို တိုင်းပြည်အပေါ်ထားတဲ့ အာဇာနည်စိတ်ဓာတ်တွေကို ချီးမွမ်းရုံ၊ လေးစားအားကျရုံနဲ့ တာဝန်ကျေပြီလို့ မယူဆဘဲ လိုက်နာဆောင်ရွက်ကြပါလို့ သမ္မတက မတ်လ (၁) ရက်နေ့ နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းထဲ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG