သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး အပစ်ရပ်ရေး အမြန် လက်မှတ် ထိုးဖို့ သမ္မတ လိုလား


သမ္မတ ဦးသိန်းစိန်နဲ့ RCSS/SSA ခေါင်းဆောင်တွေ့ဆုံ။ သတင်းဓာတ်ပုံ- သမ္မတပြောခွင့်ရဦးရဲထွဋ် FB။
သမ္မတ ဦးသိန်းစိန်နဲ့ RCSS/SSA ခေါင်းဆောင်တွေ့ဆုံ။ သတင်းဓာတ်ပုံ- သမ္မတပြောခွင့်ရဦးရဲထွဋ် FB။

သမ္မတဦးသိန်းစိန်ရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သီးခြားစီ တွေ့ဆုံတဲ့ အချိန်မှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေ ဘက်က အားလုံး ပါဝင်ပြီး အမြန်ဆုံးလက်မှတ် ထိုးပေးရန် တိုင်းရင်း သားတွေကို တိုက်တွန်းပေးသွားတဲ့အကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA)က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) တို့နဲ့ ဒီကနေ့တွေ့ဆုံတဲ့ အချိန် အခုလိုပြောကြားသွားခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း က သတင်းထောက် မမေခ ကပေးပို့ထားပါ တယ်။

သမ္မတကြီးက ကျိုင်းတုံရောက်နေစဉ်မှာ ဒီတိုင်းရင်းသားအဖွဲ့ ၃ဖွဲ့နဲ့ ဒီကနေ့ သီးခြား ဆီတွေ့ဆုံ ခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံကြချိန်မှာ သမ္မတကြီးက ခုလိုပြောဆိုခဲ့ တာဖြစ်ပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့သမ္မတသက်တမ်းမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို သမ္မတကြီး က လက်မှတ်ထိုးစေ ချင်ကြောင်း တွေ့ဆုံစဉ် မှာပြောခဲ့ တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) ကဗိုလ်မှူး ကြီး စိုင်းငင်းက ခုလိုပြောပြပါတယ်။

"သူသက်တမ်းတစ်နှစ်ပဲ ကျန်တော့တယ်လေ။ သူအပြီးမှာ NCA -nationwide ceasefire agreement ကို မဖြစ်ဖြစ်အောင် လုပ်မယ်။ အဲ့တာ (၁) အချက်ပေါ့နော်။ အခု တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်နေတယ်ဆိုတဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ အဆင်ပြေအောင် ကြိုးစားပေးတဲ့သဘောပါ။ အဓိက ကတော့ NCA ကိစ္စပါခင်ဗျာ။ သမ္မတကြီးကတော့ ဒီကိစ္စကို မြန်မြန်ဖြစ်စေချင်ပါတယ်ပေါ့။ ဒါကြောင့်လည်း တိုင်းရင်းသားတွေ အားလုံးထိုးနိုင်အောင် ဝိုင်းဝန်း တိုက်တွန်းပေးကြပါ။ နှစ်ဘက်စလုံး ပူးပေါင်းပြီးတော့ လုပ်ကြပါဆိုတဲ့သဘောပါ။"

ပြီးခဲ့တဲ့ ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ တန်းတူရည်တူ ပါဝင်ဖို့ တိုင်းရင်းသားတွေက တောင်းဆို ထားပါတယ်။ ဒီအဖွဲ့သုံးဖွဲ့ကို အစိုးရဘက်က တရားဝင်လက်ခံထားခြင်းမရှိသေးပါဘူး။

အခုလို သမ္မတကြီး ကတွေ့ဆုံချိန်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ပြီး အမြန်ဆုံး လက်မှတ် ထိုးပေးရန် ပြောကြားခဲ့ပေမယ့် ဒီအဖွဲ့တွေကို ဘယ်လို လက်ခံပေးမလဲ ဆိုတာကိုတော့ တိကျစွာ ရှင်းလင်းပေးမှုမရှိသေးပါဘူး။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)ဘက်က သမ္မတကြီးကို လက်ရှိဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဗိုလ်မှုးကြီး စိုင်းငင်းကပြောပါတယ်။

" ပြဿနာတွေကို ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြရအောင် ဆိုတဲ့ သဘောမျိုးနဲ့ ကျနော်တို့ဘက်က တင်ပြတာ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှတော့ တိုက်ရိုက်တော့ ဘာမှ မပြောပါဘူးခင်ဗျာ။ သူတို့ကလည်း ဒီဆွေးနွေးပွဲနဲ့ပဲ ဖြေရှင်းချင်ပါတယ်ဆိုတာ အရိပ်အမြွက်လောက်တော့ ပြော သွားပါတယ်ခင်ဗျ။"

သမ္မတကြီးနဲ့တွေ့ဆုံမှုမှာ သမ္မတကြီးဘက်က ၆ရက်ကြာကျင်းပ ခဲ့တဲ့ ပန်ဆန်း ညီလာခံနဲ့ ပတ်သတ်ပြီး အသေးစိတ် မေးမြန်းပြောဆိုမှုတော့ မရှိခဲ့ပေမယ့် ဒီညီလာခံ အပေါ်အစိုးရဘက်က စိုးရိမ် မှုရှိခဲ့တယ်လို့ပြောပါတယ်။

" အယ့် ပထမတော့ ဒီပန်ဆန်းညီလာခံနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့။ ဟိုမှာ အဖွဲ့ကများပြီးတော့ တဖွဲ့ တယောက် တပေါက်ပြောပြီးတော့ နဂို သဘောတူညီထားတဲ့အတိုင်း မဖြစ်မှာ အစိုးရကတော့ စိုးရိမ်တယ် အဲ့လောက်ပဲ ပြောပါတယ်ခင်ဗျာ။ "

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နည်းတူ ဝပြည်သွေးစည်း ညီညွှတ်ရေးပါတီ(UWSP)၊နဲ့ အမျိုးသားဒီမိုက ရေစီမဟာမိတ်တပ်ဖွဲ့ (မိုင်း လား)အဖွဲ့တွေပါ သမ္မတကြီးက တွေ့ဆုံတာနဲ့ပတ်သတ်ပြီး အဲဒီအဖွဲ့တွေကိုကြိုးစား ဗွိအိုအေဘက်က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ ပါဘူး။

သမ္မတကြီးအနေနဲ့ ပန်ဆန်းညီလာခံအပြီး နှစ်ရက်အကြာမှာ ပန်ဆန်းညီလာခံကို လက်ခံကျင်းပတဲ့ ဝတိုင်းရင်းသားအဖွဲ့အပြင် ပန်ဆန်းညီလာခံကိုတက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့တွေကို အခုလိုခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

XS
SM
MD
LG