သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဝင်ပေမဲ့ သမ္မတ ဒုတိယသက်တမ်းအတွက် ဦးသိန်းစိန်လမ်းဖွင့်ထား


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ပေမယ့် အခြေအနေအချိန်ခါအရ တောင်းဆိုမှုတွေ ရှိလာရင် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် စဉ်းစားသွားမှာဖြစ်တယ်လို့ သမ္မတရုံးအဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုပြောဆိုမှုပေါ်မှာ ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

လက်ရှိသမ္မတဦးသိန်းစိန်က လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတရုံးအဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးမခံပေမယ့်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအဖြစ် ဆက်လက် အရွေးခံနိုင်ဖွယ်ရှိတာကြောင့် အခြေအနေအချိန်ခါအရ တောင်းဆိုမှုတွေရှိလာရင် သမ္မတဦးသိန်းစိန်အနေနဲ့ နောက်ထပ် သမ္မတ ၅ နှစ်သက်တမ်းကို စဉ်းစားသွားမှာဖြစ်တယ်လို့ အဲဒီ အဆင့်မြင့်အရာရှိက ရှင်းပြခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ နိုင်ငံတော်သမ္မတရွေးချယ်ဖို့အတွက် ပထမဦးဆုံး ဒုတိယသမ္မတ ၃ ဦးကိုရွေးချယ်ရတာဖြစ်ပြီး တပ် မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်တဲ့ ဒုသမ္မတ (၁) ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်ပေးမယ့်ဒုသမ္မတ (၁) ဦးနဲ့ အမျိုးသားလွှတ်တော်က ရွေးချယ်ပေးမယ့် ဒုသမ္မတ (၁) ဦးတို့ပါဝင်မှာဖြစ်ပြီး အဲဒီထဲကမှ နောက်ဆုံးအဆင့် နိုင်ငံတော်သမ္မတကို ရွေးချယ် ကြမှာဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ NLDပါတီ မန္တလေးတိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ခုလိုရှင်းပြပါတယ်။

“သူက လွှတ်တော်ကိုယ်စားလှယ်အဖြစ်သာ မရွေးတာကိုး။ လွှတ်တော်ကိုယ်စားလှယ်မလုပ်တော့ဘူးဆိုတာ ရွေးကောက်ပွဲမဝင်ဘူးပဲ ပြောတာ။ သမ္မတအဖြစ် မရွေးတော့ပါဘူးလို့ ပြောတာမှ မဟုတ်ဘဲနဲ့။ အခြေခံဥပဒေထဲမှာကိုက ဒုသမ္မတလောင်းကို ရွေးတဲ့အခန်းမှာ လွှတ်တော်ကိုယ်စားလှယ်ထဲကဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရင်လည်း ရွေးလို့ရတာပဲ။ ရွေးကောက်ပွဲမဝင်ပေမယ့် သမ္မတလောင်းအဖြစ်ကတော့ အစုတစုက တင်လို့ရသေးတာကိုး။ …. ဒုတိယသမ္မတအဖြစ် ပါနိုင်တာပဲလေ။ တပ်မတော်အုပ်စုကတင်လို့ရှိရင် ဒုတိယသမ္မတလောင်းအနေနဲ့ တက်လာနိုင်သေးတာပေါ့။”

သမ္မတဦးသိန်းစိန်ကတော့ ပြည်သူတွေကတောင်းဆိုလာရင် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် သူစဉ်းစားသွားမှာဖြစ်တယ်လို့ မဲခေါင် ဂျပန်ထိပ်သီး စည်းဝေးပွဲ တက်ရောက်ဖို့ တလောက ဂျပန်နိုင်ငံကိုရောက်ရှိခိုက် ဂျပန်အစိုးရသတင်းဌာန NHK နဲ့ သီးသန့်မေးမြန်းစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မပြိုင်တော့ဘူးလို့ ပြောတာဟာ နောက်ထပ် သမ္မတရာထူးကို ဆက်လုပ်တော့မှာမဟုတ်ဘူးလို့ သူမြင်မိကြောင်း၊ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတိယ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းလာဖွယ်ရှိတယ်လို့ မြင်မိကြောင်း စစ်ထောက်လှမ်းရေးအရာရှိ ဟောင်းတဦးလည်းဖြစ် ဝါရှင်တန်ဒီစီ မြန်မာသံမှူးဟောင်းတဦးလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ဦးသိန်းစိန်ပြန်မရွေးဘူးဆိုတဲ့သတင်းက မှန်တယ်လို့ပဲ ကျနော်တို့ ပြောရမယ်။ သူ့မှာ leadership စကေးမှာ ကျန်တဲ့သူတွေနဲ့စာရင် အများကြီးနည်းပါတယ်။ ကျန်းမာရေးရယ်၊ သူ့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍရယ်၊ ဒီ ၅ နှစ်တာဦးဆောင်ပေမယ့် မအောင်မြင်တဲ့အတွက်ကြောင့် သူ ဆက်မလုပ်ချင်တဲ့သဘောရှိတယ်လို့ပဲ ကျနော်မြင်ပါတယ်ခင်ဗျ။ ကျနော်တို့သိထားတဲ့သတင်းတွေနဲ့ တွက်ဆကြည့်တာကတော့ တပ်မတော်ကိုယ်စားလှယ်ကနေပြီးတော့ ဗိုလ်ချုပ် (မှူးကြီး) မင်းအောင်လှိုင်ကို ဒုတိယသမ္မတအနေနဲ့တော့ တင်လိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်။ ဒါပေမယ့် သူ့ရဲ့အသက်ကလည်း ၆၀ ပြည့်တော့မယ်၊ ဗိုလ်ချုပ်(မှူးကြီး) မင်းအောင်လှိုင်အတွက်ကို နေရာဖွင့်ပေးဖို့အတွက်က တပ်မတော်ဘက်ကနေပြီးတော့မှ သူ့ကို ဒုတိယသမ္မတအဆင့်ပေါ့လေ၊ သမ္မတဖြစ်အောင် တင်ဖို့အတွက်ကို ကြိုးစားမှုပဲ ဖြစ်ပါလိမ့်မယ်။”

ဒီအတောတွင်း ရွေးကောက်ပွဲမှာရှုံးသွားခဲ့ရင် ဘာဆက်လုပ်မလဲဆိုပြီး ပြည်ခိုင်ဖြိုးပါတီက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာမျိုးတွေကို သတိပြုမိကြောင်း ဦးအောင်လင်းထွဋ်က ဆိုပါတယ်။

“ရွေးကောက်ပွဲမှာလည်း အခုအခြေအနေအရကတော့ ဘာပဲဖြစ်ဖြစ် NLD နဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အတိုက်အခံအဖွဲ့တွေပဲ သမာသမတ် ရိုးရိုးသားသားလုပ်မယ်ဆိုရင် နိုင်ဖို့များတယ်လေ။ အဲလို နိုင်လာရင် ဘယ်လို defend လုပ်ကြမလဲ၊ တပ်မတော်ကနေ ဘယ်လို defend လုပ်မလဲဆိုတဲ့ plan ကိုတော့ သူတို့ စဉ်းစားနေတဲ့အနေအထားရှိတယ်။ ဒါကြောင့်မို့လို့လည်း အခြေခံဥပဒေကို လုံးဝ တခုမှ မပြင်ဘဲနဲ့ တပ်မတော်ရဲ့ ၂၅ % ကို အသေကိုင်ထားလိုက်တယ်လေ။ အဲဒီတော့ ဟိုဘက်က ၅၁ လောက် ရသွားရင်ကိုပဲ NLD ဘာမှ လုပ်လို့မရတော့ဘူးလေ။”

ဦးသိန်းစိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့ကစလို့ သမ္မတတာဝန်ကို ခုချိန်ထိ ထမ်းဆောင်လာသူဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မပြိုင်ရ တာဟာ သူ့ရဲ့ နှလုံးရောဂါ ကျန်းမာရေးကြောင့်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG