သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားညီလာခံ ကာကွယ်တဲ့ဥပဒေကို ရုပ်သိမ်း


မြန်မာနိုင်ငံမှာ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ အရင်စစ်အစိုးရ လက်ထက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတရပ်ကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။

အမျိုးသားညီလာခံရဲ့လုပ်ငန်းတွေကို နှောက်ယှက် ဆန့်ကျင်မှုတွေကနေ ကာကွယ်တဲ့ဥပဒေအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅/ ၉၆ ဟာဆိုရင် အစိုးရကို ဆန့်ကျင်သူတွေ၊ ဝေဖန် သူတွေကို ထောင်ဒဏ် အနှစ် ၂၀ အထိ အပြစ်ပေးနိုင်ပါတယ်။

ဒါပေမဲ့လည်း အခုအခါ ဒီဥပဒေကို အသွင်ကူးပြောင်းရေး အစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့ ပယ်ဖျက်လိုက်ပြီ ဖြစ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးထားတဲ့ အမိန့်ကြေညာစာကို ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဥပဒေကို ပြင်ဆင်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် ကြိုဆိုခဲ့ကြပေမဲ့လည်း ၂၀၀၈ ခုနှစ်တုန်းက အတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို မူကြမ်းအဖြစ်ရေးဆွဲချိန်မှာ ဝေဖန်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်ထားတာ ဖြစ်သလို အတိုက်အခံ အများအပြားဟာလည်း ဒီဥပဒေနဲ့ အပြစ်ပေး အရေးယူတာတွေ ခံခဲ့ကြရဖူးပါတယ်။ ဒါပေမဲ့လည်း အခုအခါ အခြေခံဥပဒကို အတည်ပြုခဲ့ပြီး ဖြစ်တာမို့ လက်တွေ့မှာ အသက်ဝင်မှု မရှိသလောက်ဖြစ်နေပြီးသားလို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလိုပဲ မြန်မာနိုင်ငံမှာ ဖိနှိပ်တဲ့ ဥပဒေတွေ အများအပြား ရှိနေဆဲဖြစ်သလို လွတ်လပ်ခွင့်တွေ မှာလည်း အကန့်အသတ်နဲ့သာ ရှိနေဆဲဖြစ်တာမို့ ပြင်ဆင်ဖို့တွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG