သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် ရှေ့သီတင်းပတ် ဖိလစ်ပိုင်သွားမည်


မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရှေ့တပတ်ထဲ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အရပ်သား အစိုးရရဲ့အကြီးအကဲတဦးအနေနဲ့ ပထမဆုံးအကြိမ် သွားမယ့်ခရီးစဉ် အတွင်းမှာတော့ ၂ နိုင်ငံကြား ကိစ္စရပ်တွေသာမက ဒေသတွင်း ကိစ္စတွေကိုပါ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်းလည်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်းကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက် အထိ လာရောက်မှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် ဒီဖိလစ်ပိုင်ခရီးစဉ်မှာ ထူးခြားမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်နဲ့ ပတ်သက်လို့ တရုတ်နဲ့အာဆီယံ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မြန်မာအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်အချိန်မှာ စတင်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ဖိလစ်ပိုင်ကလည်း ကျနော်တို့နိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌရာထူး တာဝန်ပေးအပ်ဖို့ ထောက်ခံပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ဥက္ကဋ္ဌရာထူးလက်ထက်မှာ ဆက်ပြီးတော့မှ ဆွေးနွေးရမယ့် ဒေသဆိုင်ရာကိစ္စတွေ ရှိတာပေါ့။ ဥပမာဆိုပါတော့- တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ အာဆီယံနဲ့ တရုတ်နိုင်ငံကြား လိုက်နာဆောင်ရွက်ရမယ့် အခြေခံစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ့်ကိစ္စမျိုးတွေကတော့ ကျနော်တို့ ဥက္ကဋ္ဌတာဝန်ယူတဲ့အချိန်မှာ စရမယ့် သဘောမျိုး ရှိတယ်လေ။ ဒီလိုကိစ္စမျိုးတွေအတွက်လည်း ကျနော်တို့ အမြင်ချင်းဖလှယ်နိုင်တာပေါ့။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း စိုက်ပျိုးရေးနဲ့ ခရီးသွားလားရေး လုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးဖို့လည်း ရှိတယ်လို့ ဦးရဲထွဋ်ကဆိုပါတယ်။

“အဓိက-ကတော့ ကျနော်တို့က အများဆုံးရည်မှန်းတာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍပေါ့။ နောက် ခရီးသွားလုပ်ငန်းကဏ္ဍ။ အဲဒါမျိုးတွေမှာတော့ ကျနော်တို့ ပိုပြီးတော့ မျှော်မှန်းထားတာပေါ့။ ဖိလစ်ပိုင်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍက တော်တော် ဖွံ့ဖြိုးတိုးတက်နေတာကိုး။ အဲဒါမျိုးတွေလည်း ကျနော်တို့ လေ့လာဖို့ မှန်းထားတယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံဖို့တော့ အဲဒါတွေ ဆွေးနွေးဖို့ ရှိပါတယ်။”

ဒီနှစ်ဇွန်လတုန်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ဖိလစ်ပိုင်သမ္မတ အကီနိုနဲ့ သမ္မတဦးသိန်းစိန်တို့နှစ်ဦး တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဆွေးနွေးခဲ့ကြတာပါ။

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက တိုက်ခတ်ခဲ့တဲ့ ဟိုင်ယန် တိုင်ဖွန်မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် မြန်မာအစိုးရကနေ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းမှာ ဘေးဒုက္ခခံခဲ့ရတဲ့ပြည်သူတွေအတွက် ကျနော်တို့အစိုးရကနေပြီးတော့ ငွေသားလှူပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ တပ်မတော်ကလည်း လေယာဉ်ပျံတစ်စီးနဲ့ ရေသန့်ဗူးတွေ၊ ဆေးဝါးတွေ၊ နောက် အစားအသောက်တွေ သွားပြီးတော့မှ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီဘက်က တပ်မတော်အရာရှိတွေ လိုက်သွားပြီးတော့ ဖိလစ်ပိုင်ကလည်း တပ်မတော်က အကြီးအကဲက လက်ခံပြီးတော့ ယူခဲ့ကြပါတယ်။ ကျနော်တို့က အစိုရချင်း ဆက်ဆံရေးရော- တပ်မတော်ချင်းဆက်ဆံရေးရော ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကို ပိုပြီးတော့ တိုးမြှင့်နိုင်မှာပေါ့။”

၂၀၀၅ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကို အရင် နအဖ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက နောက်ဆုံး သွားရောက်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေးကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာဆိုရင် နှစ် (၆၀) ပြည့်မှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG