သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကြီး ရောက်နေတုန်း သံတွဲအကြမ်းဖက်မှုဆက်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် ခရီးစဉ် ( သတင်းမှတ်တမ်း၊ နိုင်ငံတော်သမ္မတရုံး)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် ခရီးစဉ် ( သတင်းမှတ်တမ်း၊ နိုင်ငံတော်သမ္မတရုံး)
ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ်သံတွဲမြို့မှာ နိုင်ငံတော် သမ္မတ ရောက်နေချိန်မှာဘဲ အကြမ်းဖက်မှုတွေ ဆက်ပြီးတော့ ဖြစ်ပွားနေ ပါတယ်။ လူနေအိမ်တွေကို မီးရှို့မှုဖြစ်ပွားခဲ့သလို လူအသေအပျောက် ဦးရေလည်း တိုးများလာနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနက် ၆နာရီ ကနေ ည၆နာရီထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ အဖွဲ ရောက်ရှိနေချိန်မှာဘဲ ထိန်းသိမ်းခံထားရတဲ့ ကမန်အမျိုးသားပါတီဥက္ကဋ္ဌ ဦးကျော်စံလှ ပိုင်ဆိုင်တဲ့နေအိမ်တလုံး မီးရှို့ဖျက်ဆီးမှု ထပ်ဖြစ်ခဲ့တာပါ။ ဒေသခံ တဦးပြောပြတာက-

" ၉နာရီခွဲမှာ ကျနော်တို့ အမှတ်(၆) ရပ်ကွက်မှာ အိမ်ကြီးတစ်ဆောင်ကို မီးရှို့ပစ်လိုက်တယ်။ သမ္မတ အဏ္ဏဝါရိပ်သာမှာ ရှိနေတဲ့အချိန်မှာပဲ ညဘက် ၉နာရီခွဲမှာ မီးရှို့တာ။ ကမန်တွေလည်း ရောင်းလှည့်နေတာရှိပါတယ်။ လုံထိန်းတပ်ဖွဲ့လည်း ရှိပါတယ်။ အဲ့ဒီ့ရပ်ကွက်မှာ ဦးကျော်စံလှက အိမ်ဝယ်ထားတာရှိပါတယ်။ နေတာက ဗုဒ္ဓဘာသာမိသားစုတစ်ခုနေတာ၊
ညီအစ်ကိုလို တယောက်ကိုတယောက် ခင်မင်ရင်းနှီးလို့ အဲ့ဒီ့မှာ ထားပါတယ်။ အဲ့ဒီ့မိသားစုတွေလဲ ဘာပစ္စည်းတခုမှ မရလိုက်ဘူး။ "

ဦးကျော်စံလှ လက်ရှိနေထိုင်နေတဲ့ အိမ်မဟုတ်ပဲ ဗုဒ္ဓဘာသာမိသားစု ကိုနေထိုင်ခွင့်ပေးထားတဲ့ ဗောဓိကုန်း ဆိုတဲ့နေရာက အိမ်ကို မီးရှို့သွားတာဖြစ်တယ်လို့ ဦးကျော်စံလှနဲ့နီးစပ်တဲ့ ကမန်လူငယ်ခေါင်းဆာင်တဦးကတော့ အတည်ပြုပြောကြားပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ အောက်တိုဘာလ ၃ရက်နေ့ မနက်ပိုင်းမှာ သံတွဲမြို့မှာ ရှိတဲ့ နှစ်ဖက်၊ ရပ်မိရပ်ဖတွေ မြို့ခံအာဏာပိုင်တွေနဲ့ အဏ္ဏဝါရိပ်သာ ခန်းမမှာ တွေဆုံခဲ့ပြီး သံတွဲမြို့က ဖြစ်ရပ်တွေအတွက် စိတ်မကောင်းကြောင်းပြောဆိုသွားတယ်လို့ ကမန် လူငယ်ခေါင်းဆောင်က ပြောပြပါတယ်။

"သမ္မတက နှစ်ဘက် ဗုဒ္ဓဘာသာရော၊ အစ္စလာမ်ဘာသာရော ရဲ့ ခေါင်းဆောင်တွေရော ခေါ်တွေ့ ပါတယ်။ မြို့ခံလူထုပေါ့၊ မြို့ခံကိုယ်စားလှယ် ပုံစံမျိုးနဲ့ ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီးတော့ ဘာတွေပြောသွားလဲဆိုရင် မနေ့က သူရောက်နေတဲ့ကြားက ဒီလိုမီးရှို့မှုဖြစ်တယ်ဆိုတာ သူလည်း တော်တော် စိတ်မကောင်းဖြစ်တယ်။ ဒေါသဖြစ်တဲ့ပုံစံမျိုးတွေ ပြောသွားပါတယ်။ ဒီကိစ္စတွေ အပေါ်မှာလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးပါမယ် ဆိုပြီးတော့ ပြောသွားပါတယ်။ ကျနော်တို့ မူစလင်လူထုအနေနဲ့ သမ္မတကြီး လာသွားတဲ့အတွက် သမ္မတကြီးပြောသွားတဲ့ စကားတွေအပေါ်တွေမှာလည်း
ကျေနပ်မှုရှိပါတယ်။ အားလည်းကိုးပါတယ်။ သူပြောတဲ့အတိုင်း လုပ်ပေးမယ်လို့လည်း ကျနော်တို့ အစ္စလာမ် လူထုက ယုံကြည်ပါတယ်။

သံတွဲမြို့က ပဋိပက္ခတွေအတွင်း သေဆုံးသွားကြသူတွေနဲ့ပတ်သက်လို့ သဂြိုလ်ပြီးစီးသွားကြောင်း ဒီနေ့မှာ အလောင်းတလောင်း ထပ်သယ်ဆောင် လာကြောင်း သေဆုံးသူ အားလုံး ၆ဦးရှိသွားပြီဆိုပြီး ဒေသခံရွာသားတဦး ကပြောပြပါတယ်။

"အလောင်းငါးလောင်းကို မနေ့က ငါးနာရီမတီးခင်မှာ သဂြိုလ်တယ်။
လေးနာရီ လေးဆယ်လောက်မှာ သဂြိုလ်တယ်။ အလောင်းတစ်လောင်းက မနေ့ကပဲ သူတို့ယူဖို့ ဟာ လုံခြုံရေးကို အပြည့်အဝ မပေး၊ ဒီက ကားသမားတွေကလည်း မလိုက်ရဲတော့၊ ဒီနေ့မှ တလောင်းသွားယူရပါတယ်၊ အလောင်းတွေထဲမှာ ခြောက်လောင်းမြောက် နောက်တစ်လောင်းကတော့ ကျီးကန်းရဲဆိုတဲ့ ရွာကပါ၊ ဒဏ်ရာတွေကတော့ ပြေးရင်းလွှားရင်းနဲ့နှလုံးလည်း သိပ်မကောင်း၊ မကောင်းဘဲနဲ့၊ နောက်က လိုက်ရိုက်တာမှာ သေသွားတာပါ။"

မြန်မာအစိုးရက အောက်တိုဘာလ ၂ရက်နေ့နေစွဲနဲ့ သတင်းထုတ်ပြန်ချက် ထဲမှာတော့ သံတွဲမြို့မှာ စက်တင်ဘာလ ၂၉ရက်နေ့ ကပြည်သူချင်း အငြင်းပွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးမူ ထိခိုက်ဒဏ်ရာ ရရှိမူတွေဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီ့အတွက် သမ္မတအနေနဲ့ စိတ်မကောင်းကြောင်းနဲ့ ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ။ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊ ဆုံးရှုံးပျက်ဆီးနေတဲ့နေအိမ်တွေ အမြန်ဆုံး တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်။

သံတွဲမြို့မှပြီးခဲ့တဲ့လတွေတုန်းကလည်း မီးရှို့ဖျက်ဆီးတချို့ ဖြစ်ပွားခဲ့ တာတွေလည်းှ ရှိခဲ့ပါတယ်။ အခုကိစ္စကတော့ ကမန်ပါတီ အိမ်ရှေ့မှာ ဆိုင်ကယ်သမားနဲ့ စကားများရာကနေ တင်းမာမူတွေဖြစ်ခဲ့ပြီး ပြဿနာဖြစ်မူကို စတင်ခဲ့တယ်ဆိုကာ ကမန်ပါတီဥက္ကဋ္ဌ
ဦးကျော်စံလှကိုလည်း ပုဒ်မ ၃ခုထိန်းသိမ်းလိုက်ပြီးနောက် အခုလိုမျိုးကြီးမားတဲ့ပဋိပက္ခတွေဖြစ်ကာ ရွာတွေကို မီးရှိဖျက်ဆိးမူတွေ သတ်ဖြတ်မူတွေ ဖြစ်ပေါ်လာရတဲ့အထိ အခြေအနေတွေ က မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။
XS
SM
MD
LG