သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ဖို့ အမေရိကန်ရောက်


မြန်မာသမ္မတ ဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တက်ရောက်ဖို့အတွက် မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နယူးယောက်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ကျရင်တော့ ဒီညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး မြန်မာနိုင်ငံက အပြောင်းအလဲတွေအကြောင်းကို အဓိက ပြောဆိုဖို့ ရှိတယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မြန်မာသမ္မတရုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က ပြောပြပေးပါမယ်။

ကြာသပတေးနေ့မှာပဲ မိန့်ခွန်းပြောမယ့် မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ အခုအချိန်အထိတော့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ သီးသန့် အစီအစဉ်မရှိသေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှုး ဦးဇော်ဌေးကလည်း ဆိုပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ရောက်လာမယ့် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ကမ္ဘာမှာ ထင်ရှားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နီရီကစ်ဆင်ဂျာတို့နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

နှစ်ပေါင်းငါးဆယ်နီးပါးအတွင်း ဒီကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပထမဆုံး မြန်မာသမ္မတ အဆင့်နဲ့ မိန့်ခွန်းပြောဖို့ရှိတဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းအပြင် အီးယူဥရောပ သမဂ္ဂက ခေါင်းဆောင်တွေ၊ ထိုင်း အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေ၊ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပြီး Asia Society မှာလည်း မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောရမှာတော့ သမ္မတဦးသိန်းစိန်အနေနဲ့ နိုင်ငံတွင်းက အပြောင်းအလဲတွေအကြောင်းကို အဓိကထားပြောဖို့ရှိတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်းချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အဲ့ဒီ့အခက်အခဲတွေထဲမှာ အဓိကကတော့ ဆင်းရဲနွမ်းပါးမူ ပပျောက်ရေးပေါ့၊ လျော့ချရေးပေါ့။ အဲ့တာနဲ့ပတ်သက်ပြီး ယူအန်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။”

ဒါ့အပြင် ရိုဟင်ဂျာပြသနာလည်း ထည့်ပြောဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက တချို့သတင်းအမှားတွေနဲ့ မှားယွင်းနေတဲ့ နားလည်မူတွေ အမှန်ဖြစ်အောင် သူပြောတာတွေ ပါမယ်။ နောက် နိုင်ငံတကာကနေပြီးတော့ ပံ့ပိုးကူညီမူတွေက ဒီရခိုင်ပြည်နယ်မှာပေါ့။”

နောက်ထူးခြားမူတခုက မြန်မာအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်မှာရောက်နေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူမ ဆုရတာကို ထောက်ခံပေးတာကိုလည်း သမ္မတဦးသိန်းစိန်အနေနဲ့ ထည့်ပြောနိုင်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ကျနော်တို့ကို သတင်းဌာနတွေက မေးတယ်။ မနှစ်မြို့တဲ့ဟာတွေရှိလားလို့။ သူဆုရတာ ကောင်းတာပေါ့။ ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားပေါ့နော်။ ဒီလို ဆုချီးမြှင့်တာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။”

အခုလို ထူးခြားတဲ့ မြန်မာသမ္မတရဲ့ ခရီးစဉ် မတိုင်ခင်မှာ ရှေ့ပြေး အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာသမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ဆုပေးပွဲကို တက်ကာ သူမကို ချီးကျူးခဲ့ပြီး သူမနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလည်း ရှိခဲ့ပါတယ်။
XS
SM
MD
LG