သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်း ဖေါ်ထုတ်ဖို့ သမ္မတ ညွှန်ကြား


မြန်မာသမ္မတဦးသိန်းစိန်ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်၊ သမ္မတအိမ်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်၊ သမ္မတအိမ်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းပါတယ်။

ကချင် KIA ဌာနချုပ် လိုင်ဇာအနီးမှာ ရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကချင် အရာရှိလောင်း၂၀ကျော် သေဆုံးခဲ့ရ တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ဒါ့အပြင် တပ်မတော် အနေနဲ့လည်း သတင်းထုတ်ပြန်မှုတွေ ပိုမိုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်ကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ပါ။

ဦးသန်းလွင်ထွန်း။ ။ အပစ်အခတ် ရပ်စဲရေးလို ကိစ္စမျိုးတွေပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေးလိုကိစ္စမျိုးတွေမှာဆိုရင် အစောပိုင်းက သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ပထမဆုံး ဦးစားပေးအနေနဲ့က သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ ဒါ…. အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ သွားမယ်ဆိုတာ ဒါ…. နိုင်ငံတော်ရဲ့ ဦးစားပေး မူဝါဒတရပ်အနေနဲ့ ချပြီးလုပ်နေတယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။

ဒါပေမယ့် အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒီလို လုပ်နေတဲ့ ကြားထဲကပဲ အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ အထူးသဖြင့် ကချင်အဖွဲ့တွေနဲ့ပေါ့နော်၊ KIO အဖွဲ့နဲ့ဆိုလို့ရှိရင် ကချင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ဖက်က ထိခိုက်တာကြားရသလို၊ မနေ့ကဆိုလို့ရှိရင်လည်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကချင်အဖွဲ့က ဗိုလ်လောင်းသင်တန်းက လူငယ်လေးတွေ (၂၀) ကျော် သေဆုံးခဲ့ရတယ် ဆိုတဲ့ ဖြစ်ရပ်မျိုး ကျနော်တို့ ကြားရတယ်။ ကြားရတယ်ဆိုတော့ ဒီကိစ္စမျိုးတွေကို တားဆီးနိုင်ဖို့၊ ဒါမမှဟုတ် ဒီကိစ္စတွေကို ကာကွယ်နိုင်ဖို့ ဒီကိစ္စတွေကနေပြီးတော့ ပဋိပက္ခကြီးကြီး ထပ်ပြီးဖြစ်မသွားစေဖို့ဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ အရေးတကြီး ဘာများလုပ်ချင်သလဲ၊ အရေးတကြီး ဘာများပြောချင်တာရှိလဲခင်ဗျ။

သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့ ဒီဟာလေး ရှင်းရမယ်ဆိုရင်၊ အခြေခံကတော့ ခုနကလို ငြိမ်းချမ်းရေး ရရှိရေးကိစ္စဟာ ကျနော်တို့ရဲ့ ဒီ….. ပြည်သူ အများစုရဲ့ ဆန္ဒပေါ့လေ၊ ပြောကြမယ်ဆိုရင် ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို ကျနော်တို့ အစိုးရကနေပြီးတော့ ပြည်သူ အများစု ဆန္ဒဖြစ်သလို၊ ကျနော်တို့ အစိုးရရဲ့ ဆန္ဒလည်းဖြစ်တယ်။ ဒါကို ကျနော်တို့ ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကြဖို့အတွက်လည်း နှစ်ဖက်က အကြိမ်ပေါင်းများစွာ ကျနော်တို့ ဒါ….. တွေ့ဆုံပြီးတော့ ကျနော်တို့ ဆွေးနွေးကြတယ်။

သို့သော်လည်း တချို့အပိုင်းလေးတွေက ကျနော်တို့ အလျှော့ အတင်းလေးတွေ ရှိတယ်။ အလျှော့အတင်းလေးတွေလည်း တချို့ လျှော့ပေးနိုင်တာတွေ လျှော့ပေးနိုင်တယ်။ တချို့ မပေးနိုင်တဲ့ဟာလေးတွေလည်း ပြန်ပြီးတော့ စဉ်းစားကြ ပြုကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကျနော်တို့ ရပ်အောင်လုပ်ချင်တယ်။ ရပ်စဲချင်တယ်။ ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာလည်း ဟို….. တစ်ဖက်ထဲကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ နှစ်ဖက်မှာ ဒါ…. ပြဿနာလေးတွေ ရှိပါတယ်။ နှစ်ဖက်မှာ ပြဿနာတွေ ရှိတယ်။ အဲဒီတော့ သူ့ဖက် ကိုယ့်ဖက်၊ ဟိုလူကလွန်တယ်၊ ဒီလူကလွန်တယ်နဲ့ ဒါတွေကို ကျနော်တို့ ပြောနေလို့ရှိရင်လည်း ကျနော်တို့ ပြီးဆုံးမှာ မဟုတ်တော့ဘူး။ သို့သော်လည်း ဒီကနေ့အထိကတော့ ခင်ဗျားပြောသလိုပဲ ပစ်ခတ် တိုက်ခိုက်မှုလေးတွေ ရှိသေးလို့ ဒီလိုတွေ ကျနော်တို့ ဖြစ်နေတာ။

ကျနော်တို့ ရည်ရွယ်ချက်ကတော့ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲဖို့အတွက် ကျနော်တို့ နည်းလမ်းတွေ ရှာကြတယ်။ ဘယ်လိုတွေ လုပ်ကြမလဲ။ တပ်ကိုလည်း ကျနော်တို့ ပြောတာပါပဲ။ တဖက်ကိုလည်း ကျနော်တို့ ညှိတာပါပဲ။ တပ်ကိုဆိုလို့ရှိရင်လည်း မင်းတို့ စခန်းတွေကိုသွားပြီးတော့ တိုက်တာ ပြုတာ ဘာညာ မင်းတို့လုံး၀ မလုပ်နဲ့။ သို့သောလည်းပဲ၊ လူဆိုတာကတော့ ကိုယ့်အသက်တော့ ကိုယ်က ကာကွယ်ပိုင်ခွင့်တော့ ရှိရမှာကိုး။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ယုံမှအပ ကျန်တာ ဘာမှမလုပ်နဲ့။ ဒါတွေလည်း တပ်အပိုင်းက သူတို့ လိုက်နာပြီးတော့ ဆောင်ရွက်နေပါတယ်။

သို့သော်လည်း မြေပြင်မှာ အောက်ခြေမှာကျတော့ တချို့ကိစ္စလေးတွေက ဟိုလူကစပစ်တယ်၊ ဒီလူက စပစ်တယ်နဲ့ ဒီပြဿနာလေးတွေ ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုရှင်းနိုင်ဖို့အတွက်က စောင့်ကြည့် လေ့လာတဲ့အဖွဲ့ ကျနော်တို့က ဒါကို တည်ဆောက်ရမယ်။ နောက်တခုက ကျနော်တို့ ခုနကလို ဆက်ဆံရေးစခန်းတွေ ထားရမယ်။ အဲဒီတော့ ဆက်ဆံရေးစခန်းတွေလည်း ကျနော်တို့ ဒါ…. ထားဖို့အတွက် ဒါတွေလည်း ကျနော်တို့ နှစ်ဖက် ဆုံးဖြတ်ထားပြီးပါပြီ။

စောင့်ကြည့်လေ့လာတဲ့အဖွဲ့နဲ့ စောင့်ကြည့်ပြီးတော့ သူကတော့လွန်တယ်၊ သူကမှားတာ၊ အဲဒီတော့ နောက်တခါ ဒါမျိုးမဖြစ်အောင် ဂရုစိုက်မယ်၊ စသည်အားဖြင့် ဒီအဖွဲ့တွေလည်း ဖွဲ့စည်းပြီးတော့ ကျနော်တို့က လုပ်ထားပြီးပြီ။ လုပ်ထားပြီးပြီဆိုတော့ ဒါတွေနဲ့ ကျနော်တို့က မဖြစ်အောင် ထိန်းသွားရမှာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကျနော်တို့ကလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်ကလည်း ခုနကလို ဟုတ်လား….. ထိခိုက် ကျဆုံးမှု ဘာညာ ရှိတယ် ပြုတယ်ဆိုရင် ဟို….. တိုင်းပြည်အတွက်ဘဲ နစ်နာတာကို။ တစ်ဖက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ် ပြုတယ်ဆိုရင် တိုင်းပြည်ကဘဲ နစ်နာတယ်။

ဦးသန်းလွင်ထွန်။ ။ ဒါနိုင်ငံသားတွေဘဲ။

သမ္မတ ဦးသိန်းစိန်။ ။ နှစ်ဖက်စလုံးက မဖြစ်စေချင်ဘူး။ အဲဒီတော့ တပ်ကိုတော့ ကျနော်ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခုနကလို ဖြစ်တဲ့ ပြုတဲ့ကိစ္စတွေကို ခင်ဗျားတို့ ခုနကလို အင်တာဗြူးလုပ်လိုက်ပါ။ မှန်မှန် ကန်ကန်နဲ့ ပြည်သူတွေလည်း သိသွားရအောင်။ ဖြစ်တယ် ဆိုတာ နှစ်ဖက်မှာ ပြဿနာရှိလို့ ဖြစ်ကြတာကိုး။ တစ်ဖက်ထဲ ပစ်ယုံနဲ့မဟုတ်ဘူး၊ နှစ်ဖက်ပစ်လို့ ဒါ…. ပြဿနာ ဖြစ်ကြတာကိုး။ ဒီလိုဖြစ်တာတွေက ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ဟာတွေကို သွားပြီးတော့ ခုနကလို အနှောက်အယှက်ဖြစ်စေတယ်။ ကျနော်တို့ရဲ့ ခုနကလို ပထမခြေလှမ်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို သွားပြီးတော့ ဒါ…...ခုနက အကျိုးသက်ရောက်မှုတွေ ရှိစေတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ မဖြစ်စေချင်ဘူး၊ နှစ်ဖက်ကို။

မြန်မာသမ္မတ ဦးသိန်းစိန်ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း က နေပြည်တော်၊ သမ္မတအိမ်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG