သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစတင်


မြန်မာသမ္မတဦးသိန်းစိန်
မြန်မာသမ္မတဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ဖို့အတွက် ဒီကနေ့ မနက်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ သမ္မတရဲ့ ဒီ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ Barack Obama နဲ့တွေ့ဆုံဖို့ တရားဝင် စီစဉ်ထားတာမျိုး မရှိပေမယ့် ကုလသမဂ္ဂ ညီလာခံပြင်ပမှာ တွေ့ဆုံနိုင်တဲ့ အလားအလာရှိသလို တခြား အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ၉ နာရီ က မြန်မာနိုင်ငံ ကနေ စတင်ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သမ္မတအနေနဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ မိန့်ခွန်းပြောကြားမှာအပါအဝင် ဒီခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို ပြောပြပါတယ်။

“၂၅ရက်နေ့ ရောက်မှာပေါ့နော်။ အဲ့ကို ပြီးရင် ၂၆ရက်နေ့မှာ နားမယ်။ နားမယ်ဆိုပေမယ့် ကျန်တဲ့ ဟိုလိုမျိုး တွေ့တာ ဘာညာတော့ရှိမယ်။ တချို့တွေ့ဆုံမူတွေရှိမယ်။ ၂၆မှာ တွေ့ဖို့ စီစဉ်ထားတာတော့ အမေရိကန်အစိုးရဘက်က တာဝန်ရှိသူတွေပေါ့။ နောက် အမေရိကန်က သြဇာရှိ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ အဲ့လိုတချို့တွေ့မယ်။ ၂၇မှာ မိန့်ခွန်းပြောမယ်။ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ်။

နောက် အထွေအထွေအတွင်းရေးမူးချုပ် ဘန်ကီမွန်းက ညစာနဲ့ သမ္မတကြီးကို ဧည့်ခံမယ်။ အဲ့ဒီ့မှာ UN ဌာနအကြီးအကဲတွေနဲ့တွေ့ဆုံမှာပေါ့။ ကျန်တာကတော့ မြန်မာအသိုင်းအဝိုင်းတွေနဲ့ သံရုံးမှာ စုစည်းပြီး တွေ့တာမျိုးတွေရှိမယ်။ နောက် EU ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိမယ်။နောက် အမေရိကန်စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပွဲမျိုး ရှိမယ်။နောက် အကြမ်းဖျင်းယာထားတာက Tentative Program အနေနဲ့ Asia Societyမှာ Speech ပြောဖို့ရှိမယ်။”

သမ္မတဦးသိန်းစိန်အနေနဲ့ ဒီခရီးစဉ်အတွင်း ဝါရှင်တန် ဒီစီမြို့ကိုသွားဖို့ အစီအစဉ်မပါဝင်သလို အမေရိကန်သမ္မတ အိုဘားမားနဲ့လည်း သီးခြား တွေ့ဆုံဖို့ စီစဉ်ထားတာမရှိပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပမှာတော့ တွေ့ကောင်း တွေ့နိုင်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပြပါတယ်။

“ဟိုလိုမျိုး ကျနော်တို့ Summit တွေမှာ တွေ့သလိုတော့ တွေ့မှာပေါ့။ အစည်းအဝေး ပြင်ပမှာ ဘေးဘမ်းတွေ့ဆုံမူမျိုးတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဟို ဝါရှင်တန်အထိ သွားပြီး တွေ့ဖို့တော့ မရှိဘူး။ တရားဝင် ကျနော်တို့ Arrangement Programme ထဲမှာတော့ အခုလိုမျိုး မပါဘူး။ ဒီဘက်က နှစ်ဘက်ညှိနိူင်းထားတဲ့အရတော့ ဝါရှင်တန်ဘက်ကို မသွားတော့ဘူး။ နယူးယောက် Only ပဲ။ နောက် ဒေသတွင်း နိုင်ငံခေါင်းဆောင် တချို့ပေါ့နော်။ တချို့နဲ့ Bi Lateral တွေ့မှာပေါ့။”

ဒေသတွင်းခေါင်းဆောင်ဆိုတဲ့အထဲမှာ အဓိကအားဖြင့်တော့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်သလို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံကို တရားဝင်သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတဲ့ခရီးစဉ် ရက်ရွှေ့ဆိုင်းလိုက်ရတာကြောင့် နှစ်ဖက် အဆင်ပြေမယ့်ရက်ကို ရွေးချယ်ပြီး ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို အသေးစိတ် စီစဉ်ကြဖို့လည်း ပါဝင်ပါတယ်။

နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း သမ္မတပြောကြားမယ့် မိန်ခွန်းထဲမှာတော့ လက်ရှိပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ၊ နောက် အနာဂတ်မှာ ရင်ဆိုင်ရနိုင်တဲ့ အခက်အခဲတွေ စတာတွေကို အဓိကထား ပြောကြားမယ်လို့ သိရပါတယ်။

ဒိမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ဟာ တရုတ်ပြည်ကို ၃ ရက်ကြာ သွားရောက်လည်ပတ်ပြီး နန်နင်းမှာ ကျင်းပတဲ့ တရုတ် - အာဆီယံ ကုန်စည်ပြပွဲကိုလည်း တက်ရောက်ခဲ့သလို တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗြူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဆွေ နိုင်ငံတွေအဖြစ် သဘောတူညီမှု ပြုလုပ်ခဲ့ကြတာပါ။

“အဓိက တရုတ်ကို သွားရခြင်း အကြောင်းအရင်းက ဒီနန်နင်း ပွဲက Honor Country က မြန်မာနိုင်ငံ ပထမဆုံး စလုပ်တာပေါ့နော်။ အဲ့ဒီ့တော့ Honor Country အနေနဲ့ ဟိုဘက်က ဖိတ်ကြားတယ်။ Honor Country အနေနဲ့ သွားရောက်တယ်ပေါ့နော်။ နောက် အာဆီယံ တရုတ် FreeTrade
FTA ပေါ့နော်။ အဲ့တာနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်တာက ဒီနှစ်က မြန်မာနိုင်ငံ အလှည့်ပေါ့နော်။ အဲ့တာလည်း သက်ဆိုင်တဲ့ ဝန်ကြီးက ဆောင်ရွက်ရတာပေါ့နော်။

အဲ့တာတွေကြောင့် ဒီနှစ်က Honor Country အနေနဲ့ သွားတယ်။ ဖိတ်ကြားတယ်။ ဖိတ်ကြားတဲ့အတွက် သွားတယ်ပေါ့နော်။ နောက်တခုက သမ္မတကြီးလက်ထက်မှာ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်း ဆောင်ရွက်မယ့် မိတ်ဖက်နိုင်ငံအဆင့်ကို သူတို့ နှစ်ဦး နှစ်ဘက် သမ္မတကြီးရဲ့ ပထမဆုံး တရုတ်ပြည်ခရီးစဉ်မှာ လက်မှတ်ထိုးထားခဲ့တာပေါ့နော်။ အဲ့တော့ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ်ဒီလို ဆက်ဆံသွားမှာပေါ့နော်။

တချိန်တည်းမှာပဲ ကျနော် အမေရိကန် EUအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး မြှင့်တင် သလိုပဲ၊ ဒေသတွင်းမှာလည်း နိုင်ငံအားလုံးနဲ့ မိတ်ဆွေရင်းချာဆက်ဆံရေး ဆက်လက်မြှင့်တင်သွားမယ့်ဟာပါ။ အဲ့ဒီ့ရည်ရွယ်ချက်နဲ့သွားတာပေါ့။”

သမ္မတရဲ့ ခရီးစဉ်အတွင်း တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်နဲ့လည်း နန်နင်းမြို့မှာပဲ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး တိုးမြင့်ဖို့အပါအဝင် တခြား ဘက်စုံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာပဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ယန်လင်း စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလည်း သမ္မတ ဦးသိန်းစိန် လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG