သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ စတုတ္ထအကြိမ်လွှတ်တော်သဝဏ်လွှာ ပြန်ရုပ်သိမ်း


ရခိုင်ပြည်နယ်မှာ ဂျွန်လကနေ သြဂုတ်လအထိ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးထံ ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ပြန် လည် ရုပ်သိမ်းဖို့ ပြန်လည်ကျင်းပနေတဲ့ ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို သမ္မတရုံးကနေ အကြောင်းကြားလိုက်ပါတယ်။ အခုလို ပြန်ရုပ်သိမ်းလိုက်တာကို ရခိုင်တိုင်းရင်းသားတွေက ဝမ်းသာ ကြမှာဖြစ်ပေမဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေအပေါ်မှာတော့ သက်ရောက်မှု တစုံတရာ မရှိဘူးလို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြတဲ့ ဒီသဝဏ်လွှာကို သမ္မတက ပြန်ရုပ်သိမ်းတဲ့ အကြောင်း ဘန်ကောက်ရုံးက စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေကို တဘက်သတ်စွပ်စွဲထားတဲ့ သဝဏ်လွှာပါ သတင်းသုံးသပ်ချက်တွေကြောင့် ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်စည်းဝေးပွဲမှာတုန်းက မှတ်တမ်းမတင်ခဲ့တဲ့ သမ္မတရဲ့ သဝဏ်လွှာကို ပယ်ဖျက်ပေးဖို့အတွက် သမ္မတရုံးက လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒီအကြောင်းကို ခုလို ရှင်းပြပါတယ်။

“သမ္မတကြီးတင်ခဲ့တဲ့ သဝဏ်လွှာပါ နောက်ဆက်တွဲစာနဲ့ပတ်သက်လို့ အဲဒီတုန်းကလည်း ကန့်ကွက် ခဲ့ကြတယ်လေ။ အဲဒါကို အဲဒီတုန်းက ပြည်ထောင်စုလွှတ်တော်ကလည်း ဆိုင်းငံ့လို့ပဲ ကြေညာခဲ့တာ ကိုး။ ဆိုတော့ သမ္မတကြီးဘက်က ပြန်ကြားဖို့ ပြည်ထောင်စုလွှတ်တော်က သမ္မတကြီးဆီကို သဝဏ်လွှာ ပါးမယ်ထင်ပါတယ်။ အဲလို ပါးတဲ့ကာလနောက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကလည်း ရပ်နားခဲ့တယ်လေ။ အဲဒီတော့ အခု ပြန်စတဲ့အခါမှာ သမ္မတကြီးက စတုတ္ထအကြိမ် လွှတ်တော်ကို တင်ခဲ့တဲ့ သဝဏ်လွှာကို ပြန်ရုပ်သိမ်းပါတယ်ဆိုတဲ့ သဝဏ်လွှာ ထပ်ပါးတာပေါ့။”

ဂျွန်လပိုင်းလောက်က တခါ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ ရခိုင်မျိုးချစ် ပုဂ္ဂိုလ်တွေကြောင့် ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး သမ္မတသဝဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်း သုံးသပ်ချက်ထဲမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အခုတခါ ရခိုင်ပြည်နယ်ထဲက တခြို့မြို့တွေမှာ မငြိမ်သက်မှုတွေ ပြန်လည် ဖြစ်ပွားနေချိန်မှာ ဒီသဝဏ်လွှာကို ရုပ်သိမ်း ပယ်ဖျက်ဖို့ သမ္မတရဲ့ ဆုံးဖြတ်ချက်က အခုဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါသလဲ။

“အဲဒီသဝဏ်လွှာက ရခိုင်တွေအကြောင်း မကောင်းတာတွေ ပြောတာ။ ရခိုင်တွေဟာ ကြိုတင်ကြံစည် တယ်၊ အကြမ်းဖက်နေတယ်-အဲဒါမျိုးတွေနဲ့ စွပ်စွဲတာတွေလည်း အများကြီး။ ဘင်္ဂါလီတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကိုတောင်မှ ရခိုင်ကုမ္ပဏီတွေက လစ်ဖို့ ကြိုးစားနေတယ်၊ အချောင်ရလိုမှု ဘာ-ညာ.. ဒါမျိုး စွပ်စွဲတယ်ဆိုတဲ့ အစီရင်ခံစာတစ်ခုဟာ မည်သည့် ဌာနဆိုင်ရာ အကြီးအကဲ အရပဲဖြစ်ဖြစ် ဒီခေတ်ကြီးမှာဗျာ- ဒီလိုမျိုး ညံ့ဖျင်းတဲ့အစီရင်ခံစာမျိုး ထွက်တဲ့ဌာနရှိတာတောင် ကျနော်တို့ အံ့သြပါ တယ်။ ဒါမျိုးက ရှိရင်တောင်မှ လျှို့ဝှက်ဖိုင်ထဲမှာ ထားရမယ့် ဟာပါ။ ပြည်သူလူထုကို ပြရမယ့် ဟာမျိုးဆိုလို့ရှိရင် ယဉ်ကျေးတဲ့၊ သိမ်မွေ့တဲ့ ဝေါဟာရမျိုးကို သုံးပေးရမှာပေါ့ လေ။ အဲဒါမျိုး စာစောင်ကို သတိရှိရှိနဲ့ သမ္မတကြီးက ရုပ်လိုက်တယ်။

နောက် သမ္မတရုံးနဲ့ပတ်သက်တဲ့ ဝန်ထမ်းအပြောင်းအလဲတွေ လုပ်တယ်။ နောက် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ တချို့ပုဂ္ဂိုလ်တွေကို အပြောင်းအလဲတွေ လုပ်တယ်ဆိုတာ ထင်သာမြင်သာ တဲ့ သမ္မတကြီးရဲ့ ကြိုးစားဆောင်ရွက်မှုပါပဲ။ အဲဒီတော့ အခုနက အစီရင်ခံစာကို သဝဏ်လွှာကြီး ကို ပြန်ရုပ်သိမ်းပေးလိုက်တယ်ဆိုတော့ သံဃာထုအနေနဲ့ရော၊ ရခိုင် ကုန်သည်ထုအနေနဲ့ရော၊ ရခိုင်လူမျိုးတွေ အကုန်လုံးကလည်း ကျေးဇူးတင်ကြမှာပါ။ ဒါပေမဲ့ အခုဖြစ်နေတဲ့ ပဋိပက္ခနဲ့တော့- ကျနော်ထင်ပါတယ်။ ဒီပဋိပက္ခမဖြစ်ခင်လေးမှာ သမ္မတကြီးပါးတဲ့ဟာပါ။ သမ္မတကြီး သဝဏ်လွှာကြောင့်လည်း ဒီအဖြစ်အပျက်ဟာ ချုပ်ငြိမ်းသွားမယ်၊ သို့မဟုတ် အေးချမ်းသွားမယ်လို့ ကျနော် မထင်ဘူး။”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါတယ်ရှင်။ သြဂုတ်လ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ဆီကို ပေးပို့ချက်မှာ အချက် ၆ ချက်ပါ သဝဏ်လွှာကသာ သမ္မတရဲ့ သဘောထားဖြစ်ပြီး အဲဒီ သဝဏ်လွှာနဲ့အတူ ပူးတွဲပါလာတဲ့ သတင်းသုံးသပ်ချက်တွေဟာ သမ္မတရဲ့သဘောထား သုံးသပ်ချက် မဟုတ်ဘူးဆိုပြီး ကန့်ကွက်ခံရပြီးနောက်ပိုင်းမှာပဲ သမ္မတရုံး ကလည်း ဖြေရှင်းခဲ့ပါသေးတယ်ရှင်။
XS
SM
MD
LG