သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်


အချိုးကျကိုယ်စားပြုစနစ် PRကျင့်သုံးရေး နဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း မှတ်ချက်ပြုတာကြောင့် ပြည်သူ့လွှတ်တော် က ဒီစနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမျိုးသားလွှတ်တော်ကတော့ PR စနစ်ကျင့်သုံးဖို့ အတည်ပြုထားတာဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသားလွှတ်တော်အပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာတော့ ပြတ်သားမှုမရှိသေးပါဘူး။ ဒီသတင်းကို တော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်က FPTPခေါ် မဲများသူ အနိုင်ရတဲ့ စနစ် ဒါမှမဟုတ်PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် တခုစီကို သီးသန့်ကျင့်သုံးဖို့နဲ့ဒီစနစ်နှစ်မျိုး ရောနှောတဲ့ ပုံစံ အပါအဝင် ရွေးကောက်ပွဲစနစ် ၈ မျိုးကို အောက်တိုဘာလ (၂၁)ရက်နေ့ တင်ပြထားခဲ့ရာက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထပ်မံဆွေးနွေးတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်တွေ က ရွေးကောက်ပွဲ စနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က တင်ပြတဲ့ PR နဲ့ ရောနှော အသုံးပြုတဲ့ စနစ် ၂ခုကို ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးပါတယ်။

ဆွေးနွေးပြီးချိန်မှာတော့ PR စနစ်ကို မကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရခိုင် အမျိုးသားပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

" အဲ့လို ဆွေးနွေးပြီးတဲ့အခါကျမှ လွှတ်တော်ဥက္ကဋ္ဌကြီးက သူ့အနေနဲ့ အချိုးကျ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးဖို့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံခုံရုံးနဲ့ ကိုက်ညီ မကိုက်ညီ ကို ၁၁လပိုင်း ၁၃ရက်နေ့က ခုံရုံးကို မေးပါတယ်။ အဲ့ဒီ့အချိန်မှာ ခုံရုံးကနေပြီးတော့မှ ၈မျိုး တင်ပြတဲ့အထဲမှာ ၂ကနေပြီးတော့ ၈အထိဟာ PR စနစ်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံ နဲ့ မကိုက်ညီပါဘူးဆိုတာ ပြန်ကြားတာကို သူပြောပါတယ်။ အဲ့တာကြောင့်မို့ နံပတ်တစ် ဖြစ်တဲ့ နဂိုကျင့်သုံးနေတဲ့ နိုင်သူ အကုန်လုံးယူဆိုတဲ့ စနစ်ကိုပဲ ကျင့်သုံးတော့မယ်လို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။"

PR စနစ် ကျင့်သုံးရေးကို ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က ဦးအောင်ဇင်ကတော့ သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

" PR နဲ့ပတ်သက်ပြီးတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားတယ်လေ။ ကျနော်တို့က NDF ရဲ့ ရည်ရွယ်ချက် ကတော့ဗျာ PR စနစ်လေး ဖြစ်သွားရင် ဘာပဲပြောပြောပေါ့ဗျာ။ လွှတ်တော်ထဲမှာ ပါတီစုံပါမယ်။ ဒါ ပထမဆုံး ကျနော်တို့ တင်တဲ့ ရည်ရွယ်ချက်ပေါ့။ ဟုတ်တယ်နော်။ အကယ်လို့မဖြစ်တော့လည်းပဲ ကျနော်တို့က အခုလွှတ်တော်မှာ လွှတ်တော်ရဲ့ ရွေးကောက်ပွဲ စနစ်တခုကို စတင်ပြီးတော့ စဉ်းစားပြီးတော့ တွေးခေါ်တာ ဒီဥစ္စာ တချိန်မှာ လိုအပ်လာတဲ့အခါ သုံးနိုင်တယ်ဆို သုံးဖို့ပါပဲ။ ဟုတ်ဘူးလား။ အဲ့ဒီ့ရည်ရွယ်ချက်ပါပဲ ကျနော်တို့က။"

အမျိုးသားလွှတ်တော်ကတော့ PR စနစ်ကျင့်သုံးရေးအတွက် အတည်ပြုထားပြီး ဒီစနစ် အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

အခုလို ပြည်သူ့ လွှတ်တော်မှာ PR စနစ်က လက်ရှိ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မှတ်ချက်ပေးခဲ့တာဟာ အမျိုးသားလွှတ်တော် အပေါ် သက်ရောက်မှုရှိမရှိကတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က သူ့အမြင်ကို အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကနေပြီးတော့ အခုပြည်သူ့လွှတ်တော်မှာ တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံမှာ PR စနစ် ကျင့်သုံးဖို့ရာအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲထားခြင်း မဟုတ်ဘူး။ ဒါကြောင့် လွှတ်တော် မှာ ဒီ PR ကို ကျင့်သုံးဖို့ရာအတွက် မဖြစ်နိုင်ဘူးလို့ဆိုရင် အမျိုးသား လည်း အကျုံးဝင်သွားတယ်ဆိုရင် အမျိုးသားမှာလည်း 'First-past-the-post အဲ့လိုဖြစ်သွားဖို့ရာအတွက် ကျနော်တို့ ကန့်ကွက်လို့ ရနိုင်သေးတာပေါ့။ တကယ်လို့ ကျနော်တို့ ကန့်ကွက်စရာမလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအရဆိုပြီးတော့ အမျိုးသားမှာလည်း မသုံးတော့ဘူးဆိုရင် ပြီးသွားနိုင်တာပေါ့။"

လောလောဆည်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မှတ်ချက်ဟာ အမျိုးသားလွှတ်တော်မှာပါ အကျုံးဝင်တယ် မဝင်ဘူးဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေးတာမရှိသေးဘူးလို့လည်း ပြောပါတယ်။

Proportional Representative ခေါ် အချိုးကျကိုယ်စားပြုစနစ်ဟာ မဲရရှိတဲ့ အချိုးပေါ်မှာ မူတည်ပြီး ပါတီတွေကို ကိုယ်စားလှယ်တွေကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဒီစနစ်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ပါတီတွေက ကန့်ကွက်ထားပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း PR စနစ်ကို ကန့်ကွက်ကြောင်း မကြာခဏ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ အမေရိကန်သမ္မတ အိုဘာမားနဲ့အတူ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်မှာ နေ့တဝက်လောက်ဆွေးနွေးပြီးချိန်မှာ PR စနစ်ဟာ မဖြစ်နိုင်တော့ကြောင်း၊ NLD ပါတီအနေနဲ့ လွှတ်တော်မှာ လူနည်းစုဖြစ်ပေမဲ့ တိုင်းပြည် အနာဂတ်အတွက် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG