သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အပြေးသမား ကြံစည်သတ်ဖြတ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိ


 အိုလံပစ် အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ်နဲ့ သူ့ရည်းစား မော်ဒယ်လ် ရီဗာ စတင်းကန့်ပ်
အိုလံပစ် အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ်နဲ့ သူ့ရည်းစား မော်ဒယ်လ် ရီဗာ စတင်းကန့်ပ်
တောင်အာဖရိကနိုင်ငံက နာမည်ကျော် အိုလံပစ် အပြေးသမား အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) ဟာ သူ့ရဲ့ရည်းစားကို မှားယွင်း မတော်တဆ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ သူ့ကို အာမခံပေးဖို့ သူ့ရဲ့ရှေ့နေတွေက တရားရုံးမှာ လျှောက်ထားနေချိန်မှာ တရားလိုရှေ့နေအဖွဲ့ကတော့ အော်စကာ ပစ်တိုးရီးယပ်စ် (Oscar Pistorius) ဟာ သူ့ရဲ့ရည်းစားကို ကြိုတင် စီစဉ်ပြီး သတ်ဖြတ်ခဲ့တာ လို့ ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရီဗာ စတင်းကန့်ပ် (Reeva Steenkamp) သေနတ်နဲ့ ပစ်ခတ်ခံ ရပြီး သေဆုံးခဲ့ပြီးတဲ့နောက် ပရီတိုးရီးယားမြို့မှာ စစ်ဆေးနေတဲ့ အင်္ဂါနေ့ တရားခွင်မှာ နှစ်ဘက် အကျိုးဆောင်တွေ အပြန်အလှန် စွပ်စွဲမှုတွေ ငြင်းဆို တာတွေ ပြုလုပ်နေကြတာပါ။

ဒီလို တရားခွင် ကြားနာနေချိန်မှာပဲ ရီဗာရဲ့ မိသားစုတွေက ပေါ့ အဲလိဇဘက်မြို့မှာ သူမအတွက် ဈာပန အခမ်းအနား ပြုလုပ်နေပါတယ်။

တရားလိုရှေ့နေတွေက ပစ်တိုးရီးယပ်စ် ဟာ သူရဲ့ ခြေတုကို တတ်ပြီး ၇ မီတာရှိတဲ့ သူ့ရဲ့အခန်း ကို ဖြတ်လျှောက်ကာ အတွင်းက ပိတ်ထားတဲ့ ရေချိုးခန်းတံခါးကို ဖောက်ပြီး သေနတ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့နှစ်ယောက် စကားများထားကြပြီး သူ့ရဲ့ရည်းစား မိန်းကလေး ရေချိုးခန်းထဲမှာ ရှိနေတယ် ဆိုတာကို သိလျက်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုခံချေပတဲ့ ရှေ့နေတွေကတော့ အထောက်အထား ပြဖို့ တောင်းဆိုနေပြီး၊ ဒီပစ်ခတ်မှုဟာ လူသတ်မှု မမြောက်ဘူးဆိုပြီး ငြင်းဆို
နေကြပါတယ်။

စုံစမ်းစစ်ဆေးတဲ့ အရာရှိတွေကတော့ ရီဗာ စတင်းကန့်ပ် ဟာ ၉ မီလီမီတာ ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခံထားရပြီး အဲ့ဒီသေနတ်ဟာ ပစ်တိုးရီးယပ်စ်ရဲ့ သေနတ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။
XS
SM
MD
LG