သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက်မှုတွေကြားက OIC ရဲ့ ရခိုင်ပြည် ခရီးစဉ်


ရန်ကုန်မြို့မှာ OIC ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
ရန်ကုန်မြို့မှာ OIC ဆန့်ကျင် ဆန္ဒပြနေကြစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ် တစိတ်တပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး အဲ့ဒီမှာရှိတဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်လေ့လာခဲ့ကြပါ တယ်။ ဒီခရီးစဉ်အတွင်း - OIC အဖွဲ့ဟာ ထောင်နဲ့ချီတဲ့ ရခိုင်ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရသလို၊ ရန်ကုန်မှာလည်း လူပေါင်းရာနဲ့ချီပြီး OIC အဖွဲ့ကို ဒီကနေ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိသွားခဲ့တာပါ။ ၁ ရက်ကြာခရီးစဉ်အတွင်း စစ်တွေမြို့နဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့ပြီး - အစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနက ဝန်ကြီး ၃ ဦး အပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ပြီးတော့ ရခိုင် နဲ့ မူဆလင် နှစ်ဘက်စလုံးက ရပ်မိရပ်ဖ ခေါင်းဆောင်တွေနဲ့ လက်ရှိ ရခိုင်ပြည်နယ် အခြေအနေတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ OIC အဖွဲ့ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်၊ အခုခရီးစဉ်မှာ အတူလိုက်ပါလာသူလည်းဖြစ်တဲ့ မစ္စတာ အူဖူ ဂေ့ါစန် (Ufuk Gokcen) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ်က အခြေအနေတွေကို ဆန်းစစ်ဖို့ လာရောက်ခဲ့တဲ့ OIC အဖွဲ့ရဲ့ ရခိုင်ခရီးစဉ်အစမှာတင် ထောင်နဲ့ချီ တဲ့ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ အဓိကကတော့ - OIC အဖွဲ့ ရုံးခွဲဖွင့်လှစ်မှာနဲ့ လူမျိုး-ဘာသာ မခွဲခြားဘဲ တန်းတူ အကူအညီတွေပေးအပ်ဖို့ အတွက်ကို တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ စစ်တွေ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လေဆိပ်သွားတဲ့အခါ OIC အဖွဲ့ ဒီမှာ လာပြီးတော့ ရုံးစိုက်ဖို့ရော၊ ဒီမှာ OIC အဖွဲ့လာပြီးတော့ လှုပ်ရှားမှာပေါ့လေ။ အလိုမရှိဘူးပေါ့ အဲ့လို အလိုမရှိဘူးလို့ ဆန္ဒပြတာ တွေ့ရတယ်။ လေယာဉ်ကွင်းထဲမှာတော့ လုံခြုံရေးက အထပ်ထပ်ချထားပါတယ်။ အဲ့ဒီ့အရှေ့ကိုတော့ ဆန္ဒပြတဲ့သူတွေက ဝင်လို့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြကြပါ ဆိုတာကို လော်စပီကာနဲ့အော်တယ်။ လူတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတာလည်း တွေ့တယ်။"

အလားတူ OIC အဖွဲ့ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ရုံးခွဲတခု ဖွင့်လှစ်လိုတဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့ ကြွေးကြော်သံတွေ OIC ကို အလိုမရှိဘူး ဆိုတဲ့ နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။

အခုလို ဆန္ဒပြမှုတွေအပေါ် OIC အနေနဲ့ကတော့ - ဒါဟာ ဒီမိုကရေစီ အခွင့်အရေးတရပ်အဖြစ် ရှုမြင်တဲ့အကြောင်း မစ္စတာ အူဖူ ဂေ့ါစန် (Ufuk Gokcen) က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် OIC အဖွဲ့ဟာ စစ်တွေက မူဆလင်ဒုက္ခသည် အများစုရှိရာ ဘောဒူပဒုက္ခသည်စခန်းနဲ့ မောင်တောက ဒုက္ခသည်စခန်းတွေကိုလည်း ဒီကနေ့ သွားရောက် ကြည့်ရှုခဲ့ကြပါ တယ်။

မစ္စတာ အူဖူ ဂေ့ါစန် (Ufuk Gokcen) ကတော့ - မနှစ် စက်တင်ဘာ သူ ဒုက္ခသည်စခန်းတွေဆီ လာရောက်ခဲ့စဉ်တုန်းက အခြေအနေနဲ့ အခုအခြေအနေတွေဟာ သိပ်ကွာခြားမှုမရှိဘဲ အခြေအနေတွေ ဆိုးရွားနေတုန်းပဲ လို့လည်း ဗွီအိုအေကို ပြောပြပါတယ်။

“အများစုက မူဆလင် အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ ဒီလူတွေ အတွက် ပြန်လည်နေရာချထားရေး၊ ထူထောင်ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေမှာ ပြဿနာတွေ ရှိနေဆဲပါ။ ဒါတွေကို ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အကူအညီတွေနဲ့ အစိုးရက ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အစိုးရကိုရော ရခိုင်ပြည်နယ်က တာဝန်ရှိသူတွေကိုပါ ကျနော် ပြောခဲ့တာက - သူ့တို့ဘက်က လိုလားတယ်ဆိုရင် ကျနော်တို့ OIC အဖွဲ့ဝင် ၅၇ နိုင်ငံ အနေနဲ့ အကူအညီပေးဖို့ အသင့်ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကူညီတဲ့နေရာမှာလည်း - OIC အဖွဲ့ဝင် တိုင်းပြည်တွေအနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ရာမှာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးဆိုတာကို စိတ်ချထားဖို့ မနေ့တုန်းက နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့တုန်းကရော ဒီကနေ့ ရခိုင်ပြည်နယ်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာရော ကျနော်တို့ အသေအချာ ပြောပြ ထားပါတယ်။”

OIC အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးလည်းဖြစ်၊ အခုခရီးစဉ်မှာ အတူလိုက်ပါလာသူလည်းဖြစ်တဲ့ မစ္စတာ အူဖူ ဂေ့ါစန် (Ufuk Gokcen) က - ဒီညနေ စစ်တွေလေဆိပ်ကနေ ပြန်လည်ထွက်ခွာခါနီး ဗွီအိုအေကို ပြောဆိုခဲ့တာဖြစ်ပါ တယ်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး ၇ ဦး ပါဝင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဗုဒ္ဒဟူးနေ့က ရောက်ရှိခဲ့တာဖြစ်ပါ တယ်။

မနေ့ ကြာသပတေးနေ့ ကတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေအပြင် လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လူမျိုးရေးအကြမ်းဖက်မှု ပဋိပက္ခတွေအတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကြာသပတေးနေ့ကပဲ ထုတ်ပြန်ခဲ့တဲ့ OIC အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ - အခုခရီးစဉ်အတွင်း အပြန်အလှန် နားလည်မှု ရရှိပြီး အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ခရီးစဉ်အပေါ် အထင်အမြင် လွဲမှားနေတာတွေ ကိုလည်း ရှင်းလင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုထားသလို၊ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့အတူ OIC က ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး ဆုံးဖြတ်ချက် မူကြမ်း တရပ် ရေးဆွဲနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ကျရင်တော့ OIC အဖွဲ့ဟာ သူတို့ရဲ့ ၅ ရက်ကြာ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
XS
SM
MD
LG