သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု သေဒဏ်ချတဲ့ကိစ္စ တာချီလိတ်မှာ ကန့်ကွက်ဆန္ဒပြ


လိပ်ကျွန်းလူသတ်မှု သေဒဏ်ချတဲ့ကိစ္စ တာချီလိတ်မှာ ကန့်ကွက်ဆန္ဒပြ-Photo Credit- Shinehtet Aung
လိပ်ကျွန်းလူသတ်မှု သေဒဏ်ချတဲ့ကိစ္စ တာချီလိတ်မှာ ကန့်ကွက်ဆန္ဒပြ-Photo Credit- Shinehtet Aung

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ စွဲချက်တင်ခံ ရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သေဒဏ် ချမှတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြတာတွေ ဆက်ဖြစ်နေပြီး ဒီကနေ့ အကြီးဆုံးဖြစ်ခဲ့တာက တော့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာပါ။ ဆန္ဒပြသူတွေဟာ မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား ပေါ်ထိတက်ပြီး ဆန္ဒပြကြတဲ့အတွက် ထိုင်းနိုင်ငံဘက်ခြမ်း တာဝန်ရှိသူတွေက ချစ်ကြည်ရေးတံတားကို ယာယီ ပိတ်ခဲ့ပါတယ်။ ဒီအတောအတွင်း မှာပဲ သေဒဏ်ချခံထားရတဲ့ လူငယ်နှစ်ဦးကို လုံခြုံရေးပိုပြီး တင်းကျပ်တဲ့ အကျဉ်းထောင်ကို ဒီကနေ့မနက်မှာပဲ ပြောင်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာ လူငယ်နှစ်ဦး သေဒဏ် ကျခံခဲ့ရတဲ့ ထိုင်းနိုင်ငံတရားရုံးတခု ရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆိုင်မြို့အနီးက တာချီလိတ်မြို့မှာ ထောင်နဲ့ချီရှိတဲ့အင်အားတွေနဲ့ ဆန္ဒပြကြတာပါ။

ဒီလို ဆန္ဒပြမူတွေဟာ မဲဆိုင်-တာချီလိတ်တံတားပေါ်အထိ ချီတက်ကန့်ကွက်တာတွေ လုပ်တဲ့အတွက် စနေနေ့မှာ ထိုင်း-မြန်မာ မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကို ယာယီပိတ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆန္ဒပြသူတဦးကပြောပြပါတယ်။

“ဒီအခုမြန်မာနိုင်ငံသား၊ မတရားအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လွှတ်ပေးလွှတ်ပေးဆိုပြီးအော်တယ်။ ပြီးတော့ ကမ္ဘာမကျေသီချင်းဆိုတယ်။ ဒီလောက်ပါပဲ။ တံတားကတော့ ပိတ်ထားတယ်ဆိုတာ ဘာမှတော့ မလုပ်ပါဘူး။ ပိတ်ရုံလေးပဲ ခနပိတ်လိုက်တာပေါ့။ ဒီတံတားထိပ် ကျွန်တော်တို့ ဒီ ဗမာဘက်ကမ်း ထိပ်ထိ တော့ဝင်သွားတယ်လေ။ ကျွန်တော်တို့ရောက်တယ်။ ကျွန်တော်တို့ တံတားပေါ်ထိတက်သွားတယ်။ အဲ့ဒီ ယိုးဒယားအပေါက်ဝအထိကိုသွားတယ်။ ဗမာဘက်ကတော့ဖွင့်ပေးထားတယ်။ ယိုးဒယားကတော့ ဟိုဘက် လူတွေဝင်ရင် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်မှာစိုးလို့နဲ့တူတယ်။ တံတားခဏလေးပဲ ပိတ်လိုက်တယ်။ နာရီဝက် ကျော်ကျော် ၄၅ မိနစ်လောက်ပါပဲ။ ဒီဆန္ဒပြတဲ့၊ ဆန္ဒထုတ်ဖော်တဲ့လူတွေ ပြန်လာတော့ သူတို့ ပြန်ဖွင့်ပေး တယ်လေ။ မြို့လုံးကျွတ်နီးပါးလောက်ရှိတယ်။ တော်တော်များတယ်ဗျ၊ ဆန္ဒပြတဲ့လူတွေက။ ကျွန်တော်တို့ ဗမာတံတား ဟိုဘက် ဒီဘက် အပြည့်ပဲ။”

မေး။ မြန်မာနိုင်ငံအာဏာပိုင်တွေဘက်က အတားအဆီးကောရှိလားရှင့်။

ဖြေ။ “မရှိဘူး မရှိဘူး အားလုံးအေးဆေးပဲ။”

မေး။ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ခွင့်ပြုမိန့်တွေ ဘာတွေရော တင်ရတာမျိုးရောရှိလားရှင့်။

ဖြေ။ “ကျွန်တော်ထင်တာတော့ ခွင့်ပြုတယ်နဲ့တူတယ်။ သူတို့လည်း ဒီမှာလုံခြုံရေးပေးတယ်ရော။ ကျွန်တော်တို့ လမ်းရှင်း၊ ဘာညာ အကုန်လုပ်ပေးတယ်။ သူတို့မနေ့ကတည်းက စာလိုက်ဝေတယ်လေ။ သူတို့ ဒီ ၂၆ ရက်နေ့ ၉ ခွဲကို ဒီဟာ ဆန္ဒပြဖို့အတွက် စာလိုက်ဝေပေးတယ်။”

မေး။ ဝေပေးတယ်ဆိုတာက ဘယ်သူက လိုက်ဝေပေးတာလဲရှင့်။

ဖြေ။ “စာလိုက်ဝေတယ်ဆိုတာ ဒီလိုပေါ့၊ တာဝန်သိသူပြည်သူတွေ စာရွက်လေးတွေနဲ့ လက်ကမ်းပေါ့၊ ရှမ်းရိုးမ ကွင်းမှာ လာစုပါဆိုတာ၊ အဲ့ဒါ ရှမ်းရိုးမကွင်းကနေစုပြီးကျွန်တော်တို့ ချီတက်ကြတာပဲ။

အခုလိုမျိုး ကန့်ကွက်ဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က စတင် ပြီးဖြစ်ပွားခဲ့တာပါ။

စနေ့နေမှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ ခွင့်ပြု မိန့်မရဘဲ ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ပုဒ်မအများအပြားနဲ့ တရားစွဲဆိုမှုပေါင်းများစွာရှိနေတဲ့ မြန်မာ နိုင်ငံမှာ လိပ်ကျွန်းအရေးကိစ္စမှာတော့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းမှာ လုပ်နေတာကို တွေ့ရပါတယ်။

ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရတာနဲ့ပတ်သက်လို့ သေဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသားလူငယ် နှစ်ဦးကို တော့ ထိုင်းနိုင်ငံ၊ ကော့စမွေအကျဉ်းထောင်ကနေ စနေ့နေမနက်ပိုင်းမှာပဲ လုံခြုံရေးပိုပြီး တင်းကျပ်တဲ့အကျဉ်း ထောင်ကို ရွှေ့လိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကပြောပါတယ်။

“နခွန်စီဌာမရအကျဉ်းထောင်ကိုလို့သိရတယ်။ မနက် ၅ နာရီခွဲလောက်မှာပြောင်းလိုက်တာ။ နခွန်စီဌာမရ ဆိုတာ ထိုင်းနိုင်ငံတောင်ပိုင်းပါပဲ၊ ပိုမို လုံခြုံတဲ့အနေအထားနဲ့ ရွှေ့တဲ့သဘောမျိုးရှိပါလိမ့်မယ်။ ကျနော်တို့အနေ နဲ့ ဘန်ကောက်ကသွားမယ်ဆိုရင်တော့ ပိုပြီး နီးသွားတာပေါ့ဗျာ။”

သောကြာနေ့တုန်းကတော့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းမောင်ဟာ ထိုင်းဝန်ကြီးချုပ်ရုံးကိုသွားပြီး ဝန်ကြီးချုပ်ရုံးဝန်ကြီး Pannadaနဲ့ တွေ့ဆုံပြီးတော့ သေဒဏ်ချခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ယောက်ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကိုပြောခဲ့ပါတယ်။

အခုချမှတ်ထားတဲ့ သေဒဏ်ကို မကြာခင်မှာ အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဆက်တက်ပြီး မြန်မာ လူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားမယ်လို့ မြန်မာ လူငယ် နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေက ပြောထားပါတယ်။

XS
SM
MD
LG