သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတည်ပြု ပညာရေးဥပဒေမူကြမ်း သပိတ်မှောက်ကျောင်းသား လက်မခံ


 မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်ညီလာခံ (ဓာတ်ပုံ-NNER)
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်ညီလာခံ (ဓာတ်ပုံ-NNER)

အမျိုးသားပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အတည်ပြုပေးခဲ့ပေမယ့် သဘောတူထားတဲ့ ကျောင်းသားတွေ ပြင်ဆင်ရေးဆွဲထားတဲ့ အချက်တွေမပါဝင်တာကြောင့် ကျောင်းသားတွေအနေနဲ့ သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကန့်ကွက်သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ရိုက်နှက်ဖမ်းဆီးပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲခဲ့ပါတယ်။ ပညာရေးဥပဒေမူကြမ်း ရေးဆွဲအတည်ပြုတဲ့အခါမှာတော့ ကျောင်းသားတွေနဲ့ သဘောတူထားတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ခဲ့တာဖြစ်လို့ သူတို့ရပ်နားထားတဲ့ သပိတ်မှောက်လှုပ်ရှားမှုတွေ ပြန်စတော့မှာဖြစ်ကြောင်း ဒီမိုကရေစီပညာရေးဦးဆောင်မှု ကော်မတီဝင်တဦးဖြစ်သူ ကိုအောင်နေပိုင်က ပြောပါတယ်။

“ဒီမိုကရေစီပညာရေးသပိတ်တွေ ပေါ်လာပြီးတဲ့နောက်မှာ အစိုးရက လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ လေးပွင့်ဆိုင် ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို လွှတ်တော်မှာ တင်ခဲ့တယ်။ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပညာရေးဥပဒေကြမ်းဟာ လေးပွင့်ဆိုင်ကတိကဝတ်တွေနဲ့ သဘောတူညီချက်တို့အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးတာမဟုတ်ဘဲနဲ့ လွှတ်တော်ကနေ သူတို့ ဆွေးနွေးခဲ့တာကို တွေ့ရတယ်။ ဒါက လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ အခြေခံပြီးထွက်လာတဲ့ဥပဒေမဟုတ်ဘူးဆိုတာကို တွေ့ရတယ်။ ဒါဟာ ကျောင်းသားတွေရဲ့ တောင်းဆို ချက်တွေ၊ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အခြေခံပြီးတော့ ရေးဆွဲထားတဲ့ဥပဒေမဟုတ်ဘူးဖြစ်နေတော့ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ သဘောတူညီပြီးတော့ ဖြစ်ပေါ်လာတဲ့ဥပဒေ မဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒီဥပဒေကို သပိတ်ဆက်မှောက်ထားရမှာ ဖြစ်တယ်။ အခု ကျနော်တို့ ဗကသများအဖွ့ဲချုပ် ပင်မစစ်ကြောင်းက သပိတ်မှောက်ထားဆဲပဲ ဖြစ်တယ်။ ဆက်ပြီးတော့ အမျိုးသားပညာရေးဥပဒေမှာ ကန့်ကွက်တဲ့လှုပ်ရှားမှုကို ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ညီလာခံနောက်ဆုံးနေ့မှာ ပြောသွားခဲ့တာပါ။ NNER ရဲ့ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ မသူသူမာကတော့ အစိုးရအနေနဲ့ ကျောင်းသားတွေ ပါဝင်ရေးဆွဲထားတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲက အချက်တွေကို ထည့်သွင်းခြင်း မပြုဘဲ ဗဟိုချုပ်ကိုင်မှုစနစ်တွေ လွှမ်းမိုးထားတဲ့ပညာရေးဥပဒေကိုပဲ ပြန်လည်အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“တကယ်တော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲဆိုတာ လေးပွင့်ဆိုင်က ကျောင်းသားတွေတောင်းဆိုတဲ့ (၁၁) ချက်ကို သဘောတူလက်ခံပြီးတော့မှ အဲဒါကို အခြေခံပြီးတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို တင်သွင်းခဲ့တာကိုး။ အဓိက-ကတော့ သူတို့ကတော့ ဗဟိုချုပ်ကိုင်တဲ့ပညာရေးဖြစ်စဉ်ပေါ့၊ ပညာရေးပုံစံကိုပဲ ပြန်ပြီးတော့ ပြဌာန်းတာပေါ့။ သူ့ရဲ့အဓိက- လေးချက်ပေါ့နော်၊ အဓိက ကတော့ တချက်က ကျမတို့ ကျောင်းသားသမဂ္ဂ ကိစ္စပေါ့နော်၊ ကျောင်းသားသမဂ္ဂတွေကို ကျောင်းရဲ့အုပ်ချုပ်ရေးကောင်စီမှာ “ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေ ပါဝင်ခွင့်”-ပြုရေးပေါ့နော်၊ အဲဒါက ….. “ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်”…ဆိုတာကို အတည်ဖြစ်သွားတယ်ပေါ့နော်။ အဲဒီတချက်ပေါ့၊ နောက်တခုကတော့ အခမဲ့ မသင်မနေရပညာရေးပေါ့။ ကျမတို့ ဒီဘက်က ကျောင်းသားနဲ့ NNER တောင်းဆိုတာက အလယ်တန်းမသင်မနေရ-ပေါ့။ အဲဒါကလည်း မအောင်မြင်ပါဘူး။ မူလတန်းမသင်မနေရကိုပဲ ပြန်ပြီးအတည်ပြုသွားတယ်ပေါ့နော်။”

အမျိုးသားပညာရေးဥပဒေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစပြီး ကျောင်းသားတွေသပိတ်မှောက်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ဥပဒေပြင်ဆင်ပေးရေး ညှိနှိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ရက် ၆၀ အလွန်မှာတော့ အစိုးရဘက်က တုံ့ပြန်မှုတစုံတရာမရခဲ့တဲ့အတွက်ဆိုပြီး ကျောင်းသားတွေဟာ မန္တလေးကနေ ရန်ကုန် အထိ ခရီးရှည်ချီတက်သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။

သပိတ်မှောက်နေတဲ့ကာလအတွင်း လေးပွင့်ဆိုင်ဆွေးနွေးဖို့ တောင်းဆိုပြီး အစိုးရဘက်ကလည်း ဆွေးနွေးမှုကို လက်ခံခဲ့ပါတယ်။ အဲဒီနောက် အစိုးရ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ပညာရေး ဥပဒေမူကြမ်းကို အတူတကွ ရေးဆွဲခဲ့ကြပါတယ်။ ဒီလို ရေးဆွဲထားတဲ့အချက်တွေကို ဥပဒေမူကြမ်းအဖြစ် လွှတ်တော်ထံ တင်ပြတဲ့အခါမှာ သဘောတူညီချက်ရထားတဲ့ မူကြမ်းကို ထပ်မံ ပြင်ဆင်ဖြည့်စွက်မှုတွေလုပ်ခဲ့တဲ့အတွက် ကျောင်းသားတွေနဲ့ NNER က ကန့်ကွက်နေတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG