သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ကင်းလွတ်ခွင့် Bangkok လူထု ဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ဆန္ဒပြမှုများ (နိုဝင်ဘာ ၁၊ ၂၀၁၂)။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ဆန္ဒပြမှုများ (နိုဝင်ဘာ ၁၊ ၂၀၁၂)။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို ပြည်တော်ပြန် ခွင့်ပြုနိုင်တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းကို အထက်လွှတ်တော်က မကြာခင်ဆုံးဖြတ်ချက်ပေးဖို့ရှိနေချိန်မှာ ဒီမူကြမ်းကိုဆန့်ကျင်ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့မှာ ဆက်လက်ကြီးမားလာနေပါတယ်။
ပြီးခဲ့တဲ့ အပတ်မှာ ထိုင်းအောက်လွှတ်တော်က ဒီလွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းကို အတည်ပြုပေးခဲ့အပြီး စဖြစ်လာတဲ့ဆန္ဒပြပွဲတွေကြီးမားလာချိန်မှာ၊ ထိုင်းအထက် လွှတ်တော်အနေနဲ့ ရှေ့အပတ်တနလာၤနေ့မှာ စီစဉ်ထားတဲ့ ဒီမူကြမ်းကြားနာ ဆုံးဖြတ်မှုကို အခုတော့ မနက်ဖြန်သောကြာနေ့ကို အမြန်ရွှေ့လိုက်ရပါတယ်။

ဘန်ကောက်မြို့မှာ စုရုံးချီတက်နေကြတဲ့ တက္ကသိုလ်ဆရာတွေနဲ့ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားတွေ အများစုပါတဲ့ ထောင်နဲ့ချီတဲ့ ဒီဆန္ဒပြသူတွေက ဒီလွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းအတည်ဖြစ်သွားရင် ပြည်ပမှာ ခုံလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ကို ပြန်လာခွင့်နဲ့ နိုင်ငံရေးပြန် လုပ်ခွင့်ပြုလိုက်မှာဖြစ်တယ်လို့ မကျေမနပ်ပြောဆိုနေပါတယ်။

ခုလိုဆန္ဒပြပွဲတွေ ဆက်ကြီးမားလာချိန်မှာ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ ညီမ လက်ရှိဝန်ကြီးချုပ် Yingluck Shinawatra အနေနဲ့ တင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် အခုအထက်လွှတ်တော်က ဆုံးဖြတ်ချက်ကိုလိုက်နာမယ်၊ အထက်လွှတ်တော်မှာ ဒီမူကြမ်းကို ပယ်ဖျက်ခဲ့ရင် သူမရဲ့ Pheu Thai ပါတီအနေနဲ့ ဒီမူကြမ်းကို ရုတ်သိမ်းပေးမှာဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီဥပဒေကြမ်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျယ်ကျယ်ပြန်ပြန့်ပေးထားရာမှာ လာဘ်စားမှုတွေနဲ့ ထောင်ဒဏ် ၂ နှစ်ချခံထားရတဲ့ ဝန်ကြီးချုပ်ထပ်ဆင်အပြင် ၂၀၀၄ ခုနှစ်ထဲက စဖြစ်လာတဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကိုလည်း အပြစ်ကနေကင်းလွတ်စေမှာဖြစ်တယ်လို့ ဆန့်ကျင်ဆန္ဒပြသူတွေက ထောက်ပြနေကြပါတယ်။

ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် သက်တမ်းပြည့်အောင် မပြုတ်ကျဘဲ အုပ်ချုပ်နိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ အစိုးရဟာ နောက်တကြိမ်ပြန် အရွေးခံရအပြီး၊ ၂၀၀၈ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းတာခံခဲ့ရတာမှာ၊ အဲ့ဒီအချိန်က ကုလသမဂ္ဂမှာ မိန်ခွန်းပြောဖို့ရောက်နေတဲ့ Mr. Thaksin အနေနဲ့ ပြည်ပမှာဆက်လက်ခိုလှုံလာခဲ့တာ အခုချိန်ထိဖြစ်ပါတယ်။
XS
SM
MD
LG