သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတန်းမှာ ဖမ်းထားသူတွေ လွတ်မြောက်ရေး ဆန္ဒပြ


ရန်ကုန် ကိုကျော်ကိုကိုဦးဆောင်တဲ့ ဆန္ဒပြပွဲ။ (မတ် ၂၇၊ ၂၀၁၅)
ရန်ကုန် ကိုကျော်ကိုကိုဦးဆောင်တဲ့ ဆန္ဒပြပွဲ။ (မတ် ၂၇၊ ၂၀၁၅)

ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုရင်း ဆန္ဒပြရာက ဖမ်းဆီးခံ ထားရသူတွေကို ပြန်လွှတ်ပေးရေး၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာမှာ တာဝန်ရှိသူတွေကို အရေးယူရေး စတဲ့ တောင်းဆိုချက်တွေနဲ့ ဒီကနေ့ တောင်းဆို ဆန္ဒပြကြရာမှာ လူတချို့ အဖမ်းအဆီး ခံခဲ့ကြရပါတယ်။ ရန်ကုန်တိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း စစ်ကိုင်းတိုင်း စတဲ့နေရာအနှံ့မှာ တက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲ ၂ ခုကိုတော့ ဖမ်းဝရမ်းထုတ်ခံ ထားရ တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင် တို့ ဦးဆောင်လှုပ်ရှားခဲ့ကြတာပါ။ ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ဒီလအစောအပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေး အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူပေါင်း တရာကျော်ထဲက ကျန်နေသေးတဲ့ လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပညာရေး စနစ်အတွက် ကြိုးပမ်းမှုတွေ ဆုံးခန်း မရောက်သေးတဲ့ အကြောင်း ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ဆန္ဒပြပွဲအတွင်း မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။

" ကျနော်တို့ နိုင်ငံက ဒီမိုကရေစီခရီးလမ်းဟာ မပြီးဆုံးသေးပါဘူး။ ဖက်ဆစ် ကို တော်လှန်ရမယ့် ခရီးလမ်းဟာ မပြီးဆုံးသေးပါဘူး။ ပညာရေး လှုပ်ရှားမှုဟာ မပြီးဆုံးသေးပါဘူး။ အစစအရာရာ မပြီးဆုံးသေးပါဘူး။ လမ်းခုလပ်မှာပဲ ရှိပါသေးတယ်။ ဒါကို ကျောင်းသားပြည်သူတွေ သတိရကြဖို့ အမှတ်ရကြဖို့ လက်ပံတန်းဖြစ်ရပ်က သက်သေပြနေပါတယ်။ ဒီတော့ ကျနော်တို့ ဆက်သွားရမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ တွေဝေနေရမှာမဟုတ်ပါဘူး။ အချိန်ကုန်နေရမှာမဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အေးအေးဆေးဆေး နေရမှာ မဟုတ်ပါဘူး။ ကျနော်တို့ လမ်းပေါ်ထွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အလံတွေကို ကြွားဝင့်၊ အသံတွေကို နားစွင့်ထားရပါလိမ့်မယ်။ ကျနော်တို့ တော်လှန်ရေးကြီး မပြီးဆုံးသေးကြောင်းကို အခု ကျနော်တို့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ သက်သေပြလိုက်ပါတယ်။"

ဒီဆန္ဒပြပွဲ မစခင်ကတည်းက အာဏာပိုင်တွေက အင်အား အလုံးအရင်း နဲ့ စောင့်ကြည့် မှုတွေ ရှိနေပြီး ကျောင်းသားတွေဘက်က ဆန္ဒပြပြီး လူစုခွဲ လိုက်ချိန်မှာတော့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင် အပါအဝင်ကျောင်းသား ၃ ဦး ဖမ်းဆီးခံရတယ်လို့ ဗကသများ အဖွဲ့ချုပ် လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်ကဆိုပါတယ်။

" ကျနော်တို့ နောက်ဆုံးသိထားရတော့ ကိုနန္ဒစစ်အောင် အဖမ်းဆီးခံရတယ်။ ကိုနန္ဒစစ်အောင်နဲ့ ကိုရှိန်းရာဇာထွန်းနဲ့ ကိုအောင်ထက်အောင်(ခ) အောင်လေးပေါ့။ အဲ့လိုမျိုးတွေ ဖမ်းဆီးခံရတယ်လို့ ကျနော်တို့ကြားရတယ်။ ဒါပေမဲ့ သုံးယောက်စလုံးဆိုတာ အတည်ပြုဖို့က သတင်းအချက်အလက်က မရသေးဘူး ။ ဒါပေမဲ့ ကိုနန္ဒာစစ်အောင်ကတော့ သေချာတယ်ဆိုတာ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ ဒါ ရန်ကုန်မှာ သုံးဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်။ မြင်းခြံမှာ ငါးဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်။ "

အလားတူ မန္တလးမြို့မှာလည်း ဆန္ဒပြမူကို အာဏာပိုင်တွေက တားဆီးဖို့ ကြိုးစားခဲ့ သလို ပဲခူးတောင်ငူမြို့မှာလည်း အတားဆီးတွေကြုံခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတမှာလည်း ကျောင်းသားတွေပြန်လွှတ်ပေးရေးနဲ့ ကျောင်းသားတွေကို အကြမ်းဖက်မူတွေကို တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့ သလို မြောင်းမြမြို့ မှာလည်း အလားတူ လှုပ်ရှားမူတွေ လုပ်ခဲ့ကြပါတယ်။ မကွေးမြို့နဲ့ မုံရွာမြို့ ၊ ထားဝယ်မြို့တွေမှာလည်း အလားတူ ဆန္ဒပြခဲ့ကြပါတယ်။

မြင်းခြံ ဆန္ဒပြကျောင်းသားတွေ ကို ဖမ်းဆီးနေစဉ်။
မြင်းခြံ ဆန္ဒပြကျောင်းသားတွေ ကို ဖမ်းဆီးနေစဉ်။

မန္တလးတိုင်း မြင်းခြံမြိုမှာတော့ ဆန္ဒပြပွဲအတွက် တက္ကသိုလ်၂ခုက ကျောင်းသား ၅၀ခန့် စုဝေးပြီး စထွက်ချိန်မှာပဲ မြင်းခြံဒီဂရီကောလိပ်က သင်္ချာဒုနှစ်ကျောင်းသား ကိုဉာဏ်မြင့်သန်း အပါအဝင် ၅ဦးကို အာဏာပိုင်တွေကအကြမ်းပတမ်း ဖမ်းဆီးသွားခဲ့တဲ့ အကြောင်း မြင်းခြံဗကသများ အဖွဲ့ချုပ်က ကိုခိုင်မြဲစံက ပြောပါတယ်။

" ကျနော်တို့ အယောက်ငါးဆယ်လောက် စထွက်တယ်။ အဲ့လို စထွက်ထွက်ချင်း ကျနော်တို့ စုဝေးတန်းနေတဲ့အချိန်မှာပဲ ကျနော်တို့ အလံတွေ ဘာတွေ ထောင်ပြီး အဲ့အချိန်မှာ ကျနော်တို့ စုရပ်ကနေ တလှမ်း နှစ်လှမ်းလောက် သွားမယ် လုပ်တုန်း ဒေါကြီးမောကြီး နဲ့ ရောက်ချလာပြီး ထွေအုပ်က ဝင်တားတာ။ အဓိက က ခရိုင်ရဲမှူးပါတယ်။ ထွေအုပ်ပါတယ်။ စခန်းမှူးတွေ ဘာတွေ ပါသေးတယ်။ အဲ့တာနဲ့ ကျနော်တို့ ဆက်ထွက်မလို့ လုပ်တော့ အဲ့တာကို ကျနော်တို့ကို ဆက်ထွက်ခွင့်မပေးနိုင်ဘူး။ မင်းတို့ ဖြုတ်မှာလား မဖြုတ်ဘူးလား ဆိုပြီး ဒေါကြီးမောကြီး နဲ့ နံပတ်တုတ်တွေလည်းပါတယ်။ ဒါပေမဲ့ နံပတ်တုတ်ကတော့ ထုတ်တော့ ထုတ်တယ်။ မရိုက်လိုက်ဘူး။ လက်သီးတွေနဲ့ ဝိုင်းထိုးတယ်။ ငါးယောက်ပါသွားတယ်။"


ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့မှာ လက်ပံတန်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသားတွေ ဝန်းရံအင်အားစုတွေထဲက ၆၉ဦးကိုတော့ အာမခံမပေးပဲ ပုဒ်မ ၅ခုနဲ့ တရားစွဲဆိုထားသလို့ ၁၁ဦးကိုတော့ ပုဒ်မ ၃ခုနဲ့ တရားစွဲထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ကတော့ ဖမ်းဆီးခဲ့တဲ့ လူပေါင်း ၁၂၇ ယောက်အနက် သတင်းထောက် ၂ ဦး အပါအဝင် လူ ၅၀ ကို ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်တဲ့အကြောင်း ဒီသီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ၂၅ရက်နေ့မှာတုန်းကတော့ လက်ပံတန်း တရားရုံးမှာတော့ ကျောင်းသားနဲ့ အရပ်သား ၆၉ယောက်ကို ပုဒ်မ ၅ခုနဲ့ တရားစွဲဆိုလိုက်သလို၊ ဒီကနေ့ ဆန္ဒပြမူမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ကိုနန္ဒစစ်အောင် အပါအဝင် ၄ဦးကလည်း ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG