သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရမှု AHRC ဝေဖန်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြနေသူများ။ (ဓာတ်ပုံ ဗွီအိုအေ-မြန်မာ)
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြနေသူများ။ (ဓာတ်ပုံ ဗွီအိုအေ-မြန်မာ)
စီမံကိန်းအချို့အပေမှာ ဆန္ဒပြကန့်ကွက်မှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁ဝ ယောက် ထက်မနည်း အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။ ဒီ ဖမ်းဆီးမှုတွေ ကိုကြည့်ရင် တရားရေးပိုင်းကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် စွတ်ဖက်ဖို့ ကြိုးစားနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးထားပါတယ်။

*****
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းက ရွှေတွင်းနဲ့ စစ်ကိုင်းတိုင်း၊ မုံရွာအနီးက လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁ဝ ဦး ဖမ်းဆီး ခံထားရတာကြောင့် နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆန္ဒပြခွင့်အပေါ်မှာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာဏာပိုင်တွေကို ပြန်လည် ဝေဖန် မေးခွန်းထုတ်လာကြပါ တယ်။ ဖမ်းဆီးခံရသူ တွေဟာ ခွင်ြ့ပုချက်မရဘဲ ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပေမဲ့ ဒီနောက်ကွယ်မှာ အုပ်ချုပ်ရေး အာဏာပိုင်တွေ ဘက်က တရားရေးအပေါ်မှာ ဝင်ရောက်စွတ်ဖက်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။ တဘက်မှာလည်း နိုင်ငံထဲ ဆန္ဒထုတ်ဖော်ခွင့်ရဖို့ တင်ပြကြရာမှာလည်း အခြေအနေအများစုမှာ ခွင့်ပြုချက်မရ ဖြစ်နေတာကိုလည်း အာရှလူ့အခွင့်အရေးအဖွဲ့က မြန်မာရှေ့နေ ဦးမင်းလွင်ဦး က ထောက်ပြပါတယ်။

“ခွင့်ပြုချက်ရဖို့ဆိုတဲ့နေရာမှာ ခွင့်မပြုတဲ့ ကိစ္စရပ်တွေက တော်တော်များများ ရှိနေပါတယ်။ ဒါကြောင့် ခွင့်ပြုချက်တင်တယ်၊ ရရ-မရရ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေအနေနဲ့ လှည့်လည်ဆန္ဒပြကြတယ်။ ဒီအပေါ်မှာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မနဲ့ အရေးယူတယ်။ အဲဒီတော့ ပုဒ်မ ၁၈ နဲ့ အရေးယူ တာကို ကျနော်တို့ ဘာမှ ထွေထွေထူးထူး မပြောလိုပါဘူး။ သို့သော်လည်းပဲ အဲဒီလို အရေးယူတဲ့ အပြင်ကို မလိမ့်တပတ်နဲ့ မင်းတို့ ပုဒ်မ ၁၈ နဲ့ အရေးယူမှာဖြစ်တဲ့အတွက် လာပြီးတော့ ရှင်းလင်းပါ ဆိုပြီးတော့ ခေါ်ယူတယ်။ ရဲစခန်းက ပြောတဲ့စကားကို ရိုးသားစွာ ယုံကြည်တဲ့အတွက် လာရောက် ရှင်းလင်းဖို့ ရဲစခန်းကို ရောက်တဲ့အခါကျတော့မှ ဖမ်းဆီးပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) နဲ့ တပ်ပြီးတော့ တရားစွဲဆိုတဲ့ ဥစ္စာတွေက လုံးဝကိုမလုပ်သင့်တဲ့ကိစ္စရပ်ဖြစ်တယ်။ ဒါတွေဟာ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့် သော်လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကြောင့်သော်လည်းကောင်း၊ ရဲစခန်းကနေပြီးတော့ လိုက်နာဆောင်ရွက်နေတယ်လို့ ကျနော်တို့ သိရတယ်။

ဒါတွေက လွတ်လပ်တဲ့ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးက တိတိလင်းလင်း ဝင်ရောက်စွက်ဖက်တဲ့ ကိစ္စရပ်တွေ ဖြစ်တာမို့ ကျနော်တို့ AHRC အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်။”

မေး။ ။ ကိုမင်းလွင်ဦးပြောတဲ့ အခုနက ပုဒ်မ ၅၀၅ (ခ) ဆိုတာ ဘာလဲ ခင်ဗျ။

“နိုင်ငံတော် အကြည်ညိုပျက်စေမှုပေါ့။ စီတန်းလှည့်လည်မှု ဥပဒေပုဒ်မနဲ့ အရေးယူထားတယ်၊ အဲဒီတော့ အဲဒီပုဒ်မက အာမခံပေးရမယ့် ပုဒ်မဖြစ်တယ်။ ဒီလူတွေကို အပြင်မှာ ဆက်မထားချင်တဲ့ အခါကျတော့ အစောကပြောသလိုမျိုး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးပြီးတော့ အရေးယူထားတယ်။ ၅၀၅ (ခ) ကတော့ အာမခံပေးလို့ မရဘူး။ ဒါကြောင့် ဒီလူတွေက အမှုကို ရင်ဆိုင်ပြီးတော့ ဆက်လက် ဖြေရှင်းရမှာ ဖြစ်တယ်။”

မေး။ ။ အခုနကပြောသလို တရားရုံးကနေ အခုလို လုပ်တဲ့ကိစ္စတွေမှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ အထောက်အထးက ဘယ်လိုကြောင့် ပြောနိုင်တာလဲ။

“ကျနော်တို့ ဒီဥစ္စာက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂/၈၉ ညွှန်ကြားလွှာအရ ပုဒ်မ ၁၄၄ ထုတ်တဲ့ ကိစ္စ ရပ်တွေ လက်ပံတောင်းတောင်မှာ ဖြစ်တယ်။ နောက်ပြီးတော့တခါ ဒီမြို့ထဲမှာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အဓိက-ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပဲ ဆိုင်ပါတယ်။ အဲဒီတော့ အဲဒီကိစ္စရပ်တွေမှာ ရဲတပ်ဖွဲ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်ဖြစ်တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ကနေပြီးတော့ ဒီလိုမျိုး ကိစ္စရပ်တွေ ခွင့်ပြုသင့် မပြုသင့် အရေးယူသင့်၊ မယူသင့်ဆိုတာ ပြည် ထဲရေး ဝန်ကြီးရဲ့ ခွင့်ပြုချက်ရမှသာ သူတို့အနေနဲ့ ဆက်လက် ဆောင်ရွက်နိုင်တာ ဖြစ်တယ်။ ဒါတွေကြောင့် ကျနော်တို့က အုပ်ချုပ်ရေးက တရားစီရင်ရေးဘက်ကို လွှမ်းမိုးဖို့အတွက် ကြိုးစားလာတယ်၊ အားပြုလာတယ်၊ ဒါတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကဏ္ဍဖြစ်တယ်ဆိုတာကို ပြော ရတာဖြစ်ပါတယ်။”

အခုလို ဆန္ဒထုတ်ဖော်ပြသမှုတွေကြောင့် ဗကသ အဖွဲ့ဝင်အချို့လည်း ဖမ်းဝရမ်းထုတ်ခံရထားရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ညတုန်းက ကိုသီဟဝင်းတင်ရဲ့အိမ်ကိုလာပြီး ဖမ်းဝရမ်းထုတ်ကြောင်း လာပြောသွားတယ်- တဲ့။ နောက် ကိုမင်းသွေးသစ်ရောပေါ့နော်။”

မေး။ ။ ကိုသီဟဝင်းတင်ကို လာပြီးတော့ ဖမ်းမိန့်ထုတ်ထားတယ်ဆိုတာ ဘယ်က လာပြောတာလဲ၊ SB က ပြောတာလား။

“ကျောက်တံတားရဲစခန်းနဲ့ အနောက်ပိုင်းခရိုင်နဲ့၊ သူတို့မှာ ဖမ်းဝရမ်းရှိတယ်၊ ဖမ်းလို့ရပြီဆိုတဲ့ အခြေအနေမျိုးပြောတယ်။ အဓိက-ကတော့ သူတို့ကို ကြိုတင်ပြီးတော့ တင်ပြခြင်းမရှိဘဲနဲ့ ဆန္ဒထုတ်ဖော်လို့ပေါ့နော်။”

မေး။ ။ စုစုပေါင်း ဘယ်နှစ်ယောက်လောက် ဖမ်းဝရမ်းထုတ်ထားတယ် ကြားလဲ။

“စုစုပေါင်းကတော့ ဆယ်ယောက်လောက်ကြားတယ်။ အဲဒီမှာ ၆ ယောက်ကတော့ အဖမ်းခံလိုက် ရပြီ။ အခု အင်းစိန်ထောင်ကို ရောက်နေတာပေါ့။”

မိုးထိမိုးမိ ရွှေတွင်းဆန္ဒပြသူ ၅ ဦးကိုတော့ တောင်ငူထောင်မှာ ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့သိရပြီး လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြကြတဲ့ တက်ကြွလှုပ်ရှားသူ ၆ ဦးကိုတော့ ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG