သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်းရပ်တန့်ရေး ဦးဆောင်သူတွေ အဖမ်းအဆီးရှိဆဲ


မြန်မာပြည်အလယ်ပိုင်းက မြန်မာ-ဝမ်ပေါင် ကြေးနီသတ္ထုတွင်းတူးကုမ္ပဏီရဲ့ စီမံကိန်းရပ်တန့်ရေး ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြနေသူများ။
မြန်မာပြည်အလယ်ပိုင်းက မြန်မာ-ဝမ်ပေါင် ကြေးနီသတ္ထုတွင်းတူးကုမ္ပဏီရဲ့ စီမံကိန်းရပ်တန့်ရေး ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြနေသူများ။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသူ အနည်းဆုံး ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးတော့ ဒီလူတွေကို ဆန္ဒပြမှု၊ ဆူပူမှုပုဒ်မတွေနဲ့ အရေးယူဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေကြပါတယ်။ မနေ့က လက်ပန်းတောင်းတောင် ဒေသခံတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကနေ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ တရုတ်သံရုံးနဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက် ရုံးချုပ်ရှေ့မှာ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီ စီစဉ်ခဲ့သူတွေထဲက တချို့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ရန်ကုန်ဆူးလေဘုရားအနီး ဗန္ဓုလပန်းခြံ တဝိုက်မှာ ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့မှာတော့ နောက်ထပ် ဆန္ဒပြမှုတွေ မဖြစ်အောင်လို့ အာဏာပိုင်တွေက ဟန့်တားတဲ့အနေနဲ့ ကျန်တဲ့ ဦးဆောင်သူတချို့ကို လိုက်လံ ဖမ်းဆီးနေ တာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပ့ိုထားပါတယ်။

လက်ပန်းတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားလူငယ်တွေ ကွန်ယက်အသီးသီးက တက်ကြွလှုပ်ရှားသူတွေထဲက ၆ ဦးကို အာဏာပိုင်တွေက မနေ့ကနဲ့ ဒီနေမနက်တွေမှာ ဖမ်းဆီးပြီး နောက် ပုဒ်မ ၁၈၊ ခွင်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူမှု ပုဒ်မတွေနဲ့ အင်းစိန်ထောင်ကိုပို့လိုက်ကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရ တဲ့ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“ဒီဆန္ဒပြပွဲ ပြီးသွားတဲ့အချိန်ကစပြီးတော့ ကျနော်ထွက်တဲ့အချိန်ကစပြီးတော့ ကျနော့်ကား ကို ထောက်လှမ်းရေးက တောက်လျှောက်လိုက်တယ်။ ရွှေတိဂုံဘုရားမှာ မျက်ခြေပြတ်ကျန်ခဲ့ပြီးတော့ လိုက်မဖမ်းနိုင်ဘူး။ ဒါပေမဲ့ တောက် လျှောက် ကျနော်ရှိမယ်ထင်တဲ့ နေရာတွေကို သူတို့ လိုက်လံ ရှာဖွေနေတယ်။ အဲဒီညက စပြီး ဖမ်းလိုက်တာ- မနော်အုံးလှရယ်၊ ဒေါ်ရှမ်းမရယ်၊ ဦးမျိုးချစ်ရယ်၊ ကိုရဲမင်း၊ ကိုဝေဠုရယ်၊ ကိုညီညီ (NLD) ရယ်၊ စုစုပေါင်း ခြောက်ယောက်ကို ပန်းပဲတန်း၊ ကျောက် တံတား စခန်းနှစ်ခုမှာ ခွဲချုပ်ထားပြီးတော့ ဒီကနေ့ညနေ (၃) နာရီ၊ (၁၅) မိနစ်မှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ပန်းပဲတန်းရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းက အဲဒီလူတွေကို ပုဒ်မ (၁၈) နဲ့ ပုဒ်မ ၅၀၅ (ခ) နှစ်ခုတပ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်။”

သူတ့ိုလှုပ်ရှားမှုမှာပါတဲ့ အဓိက (၁၀) ဦးကို ဖမ်းဆီးဖို့ ရှိနေတဲ့အကြောင်း၊ တိမ်းရှောင်နေရတာတွေ ရှိပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆက်ပြောသွားပါတယ်။
“ဒီငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှာ ပါနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အချိန်မျိုးမှာ ထပ်မံပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ ရှိနေတာက တော်တော်လေး ကို စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လိုပဲ ဖမ်းဆီးမှုတွေ ရှိပါစေ၊ ဆက်လက်ပြီး ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး အခု လေးနာရီခွဲလောက်မှာ စပြီးတော့ အခု ဆူးလေတဝိုက်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ စတင် စီစဉ်နေတယ်။ စီစဉ်နေတဲ့အချိန်မှာပဲ အရပ်ဝတ် ထောက်လှမ်းရေးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် အယောက် (၃၀) ကျော်၊ (၄၀) နီးပါးဟာ အမျိုးသမီး လုံခြုံရေး အဖွဲ့ဝင်တွေပါ ပါပြီးတော့ ဖြန့် ကျက် နေရာယူထားတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုအသွင်ကို သူတို့က လက်မခံဘဲ အဓိကရုဏ်းဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးကို ဖန်တီးပေးနေတဲ့ အတွက် ဒီနေ့ညနေ သံဃာတော်တွေနဲ့ ပြည်သူတွေ ဆန္ဒပြဖို့ အစီအစဉ်ဟာ အခု ညနေ လေးနာရီဝန်းကျင်အထိ မစတင်နိုင်သေးဘဲ အခြေအနေကို စောင့်ကြည့်နေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။”

ခွင့်ပြုမိန့်တောင်းပြီး ဆန္ဒပြဖို့အတွက် အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းတဲ့အခါတိုင်းမှာ ခွင့်ပြုမိန့်မပေးတာ၊ လူဦးရေ ကန့်သတ်တာတွေ လုပ်လေ့ရှိပြီး ဆန္ဒပြမှုတွေကိုတော့ ခွင့်ပြုချင်တာမျိုးကိုပဲ မြို့နယ် ရဲတပ်ဖွဲမှူးတွေက ခွင့်ပြုကြလေ့ ရှိပါတယ်။ ဒီတော့ နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်သူတွေဟာ ခွင့်ပြုမိန့်မတောင်းတော့ဘဲ မိမိတို့ ဆန္ဒအတိုင်း ထုတ်ဖော်တာတွေ လုပ်လာတဲ့အတွက် မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲတာတွေ များလာပြီး တရားစွဲမှုတွေကို ရဲစခန်းမှူးတွေက တရားလိုလုပ်ပြီး တရာစွဲဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခွင့်ပြုမိန့်နဲ့ ဆန္ဒပြတဲ့အခါမှာလည်း အင်အားနည်းတာမျိုးကိုသာ ခွင့်ပြုတာကြောင့် တစု တဝေးတည်း လှုပ်ရှားမှုမဖြစ်အောင် အာဏာပိုင်တွေက ကန့်သတ်တဲ့ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဒီလို တစုတဝေးတည်းမဟုတ်ဘဲ ဆန္ဒထုတ်ဖော်တဲ့အခါမှာ အထူးသဖြင့် ဆန္ဒပြမှုရဲ့ အကျိုး သက်ရောက်မှုက အားကောင်းမှုတွေ ဖြစ်မလာဘဲ တောင်းဆိုချက်တွေမရဘဲ အချိန်ရက်ရှည်လာမှု၊ အာရုံစိုက်မှုမရလာတဲ့အတွက် အလုပ်သမား လယ်သမားတွေက သူတို့ နစ်နာမှုတွေ ဖြစ်ရတယ်လို့ဆိုပါတယ်ရှင်။
XS
SM
MD
LG